နေပြည်တော် စက်တင်ဘာ ၂၁

 

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပသည့် (၅၄) ကြိမ်‌မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကာလအတွင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ  ကျင်းပခဲ့သော အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ရုရှား၊ ကိုရီးယား၊ တရုတ်၊ အာဆီယံ+၃၊ အရှေ့အာရှ(EAS)၊ ဟောင်ကောင် (တရုတ်) (HKC)၊ ကနေဒါ၊ ဂျပန်၊ အီးယူ၊ အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးများ၊ ပထမအကြိမ် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးများ အစည်းအဝေးနှင့် (၁၄)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်ဆွေးနွေးခဲ့သည်။

 

အစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Pan Sorasak နှင့် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများက ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်ကြသည်။

 

(၁၉) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ကို ပြန်လည်သုံးသပ်ခြင်းအတွက် နယ်ပယ်များသတ်မှတ် သည့်စာတမ်းကို အတည်ပြုခဲ့ပြီး အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီ ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

 

(၁၁) ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)  အကောင်အထည်ဖော်မှုနှင့် အာဆီယံနှင့် ယူရေးရှားစီးပွားရေးကော်မရှင်တို့အကြား ချုပ်ဆိုထား သည့် နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

 

(၁၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ကိုရီးယားလွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှု၊ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ခြင်းအတွက် ပူးတွဲလေ့လာမှု၊ ဒီဂျစ်တယ် ကုန်သွယ်မှု သုတေသနဆောင်ရွက်မှုနှင့် အာဆီယံ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မ ှုများကို ဆွေးနွေးခဲ့သည်။

 

(၁၄)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် စီအယ်လ်အမ်ဗွီ အဆင့်မြင့် စီးပွားရေးအရာရှိများ၏ အစီရင်ခံစာနှင့်  စီအယ်လ်အမ်ဗွီလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) ၏ အကောင်အထည်ဖော်မှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံ ချက်များအတွက် လမ်းညွှန်မူ၊ လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၄) နှင့် စီအယ်လ် အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင် အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်တို့ကို အတည်ပြုခဲ့သည်။

 

(၂၁) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှု အခြေအနေအပေါ် ဆွေးနွေးခဲ့ကြပြီး လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးအတွက် နယ်ပယ်များနှင့် စပ်လျဉ်းသည့် ပူးတွဲ ဖြစ်နိုင်ချေ လေ့လာဆန်းစစ်မှုအစီရင်ခံစာနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည် ထူထောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်တို့ကို အတည်ပြု ခဲ့ကြောင်း၊ ထို့ပြင် အာဆီယံ-တရုတ်ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်း စေမည့် လုပ်ငန်း စီမံချက် (၂၀၂၂-၂၀၂၆) အပေါ် ဆွေးနွေးခဲ့သည်။

 

(၂၅)ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး (ASEAN+3) (တရုတ်၊ ဂျပန်၊ ကိုရီးယား) စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအပေါင်းသုံး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၂) အကောင်အထည်ဖော်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ လျော့နည်းစေရေး အာဆီယံအပေါင်းသုံး လုပ်ငန်းစီမံချက်တို့၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မှတ်တမ်းတင်ခဲ့ပြီး အာဆီယံအပေါင်းသုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၄) ကို အတည်ပြုခဲ့သည်။

 

(၁၀)ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီးများ အစည်းအဝေး(EAS)တွင် (၁၂) ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးများ ညီလာခံ၏ ရလဒ်များ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုများ၏ အကျိုးသက်ရောက်မှုများကို လျော့ပါးစေရန် အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ဆောင်ရွက်ရန် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် “ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှတစ်ဆင့် ပေါင်းစည်းမှု၊ တီထွင်ဆန်းသစ်မှု၊ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ကိုဗစ်ကာလအလွန် အရှေ့အာရှဒေသ” ခေါင်းစဉ်ဖြင့် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနအဖွဲ့က ပြုစုတင်သွင်းသည့် စာတမ်းကို မှတ်တမ်းတင်ခဲ့သည်။

 

(၆) ကြိမ်မြောက် အာဆီယံ-ဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်နှင့် အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်တို့ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးများက အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို အသုံးပြု၍ ကုန်သွယ်ရေး ယှဉ်ပြိုင်မှုများ တိုးမြင့်လာစေရေး စီးပွားရေးလမ်းညွှန်စာအုပ်ကို စတင်မိတ်ဆက်ခြင်းအပေါ် ကြိုဆိုခဲ့ကြသည်။

(၁၁) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံ-ကနေဒါ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးတွဲကြေညာချက်ကို အကောင်အထည် ဖော်မည့်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှုနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုအစီရင်ခံစာတို့အပေါ် ဆွေးနွေးခဲ့ကြသည်။

 

ပထမအကြိမ် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးများ အစည်းအဝေးတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်အကောင်အထည် ဖော်ခြင်းနှင့် အသုံးပြုခြင်းတို့မှ ရရှိသည့်အတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ပူးတွဲကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု၊  ပူးတွဲကော်မတီ၏ လုပ်ငန်းအဖွဲ့ခွဲများ တည်ထောင်မှု နှင့် အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

 

(၂၈)ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ဂျပန် ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပထမအခြေပြစာချုပ် အသက်ဝင်ခြင်းကို ကြိုဆိုခဲ့ပြီး အာဆီယံ-ဂျပန် မဟာဗျူ ဟာမြောက် ၁၀ နှစ်တာ လမ်းပြမြေပုံ၏ အကောင်အထည်ဖော်မှုနှင့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံ-ဂျပန် နှစ်(၅၀) ပြည့်အထိမ်းအမှတ် အနေဖြင့် ဆောင်ရွက်မည့် အာဆီယံ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆိုပြုချက် အပေါ် ဆွေးနွေးခဲ့ကြသည်။

 

(၁၈) ကြိမ်မြောက် အာဆီယံ-အီးယူ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအစီအစဉ် (၂၀၂၂-၂၀၂၃) ကို အတည်ပြုခဲ့ပြီး အာဆီယံ-အီးယူလွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ချုပ်ဆိုမည့် ရည်မှန်းချက်ကို ကာလရှည် ရည်မှန်းချက်အဖြစ် သတ်မှတ်ပြီးကာလတို ကာလလတ်တွင် ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် အခြားအစီအစဉ်များဖြင့် ဆောင်ရွက်ရေးတို့အပေါ် ဆွေးနွေး ခဲ့ကြသည်။

 

အာဆီယံနှင့် အမေရိကန်စီးပွားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်အစီအစဉ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ ၂၀၂၁-၂၀၂၂ လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုအခြေအနေကို ဆွေးနွေးခဲ့ကြပြီး ၂၀၂၂-၂၀၂၃ လုပ်ငန်းအစီအစဉ်ကို ဝန်ကြီးများက အတည်ပြုခဲ့ကြသည်။

 

 (၂၇)ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင် ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို အဆင့်မြှင့်တင်မည့် ဒုတိယအခြေပြစာချုပ် ညှိနှိုင်းမှုအခြေ အနေနှင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အထောက်အပံ့ပြုရေး အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံက အခြားအာဆီယံနိုင်ငံများနည်းတူ ပါဝင်ဆောင်ရွက်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်မှုအခြေအနေ များကို ဆွေးနွေးခဲ့သည်။

 

ယခုအစည်းအဝေးများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ များအကြား စီးပွားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် မျက်နှာစုံညီကျင်းပသည့် အစည်းအဝေးများ ဖြစ်သည်။

 

အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိ၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)