နေပြည်တော်၊ စက်တင်ဘာ၂၂
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့သည်။
ဦးစွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ချမှတ်ထားသည့် အခြေခံမူများ၊ စည်းမျဉ်း စည်းကမ်း များ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘောတူညီချက်များ၊ အဖွဲ့ဝင်နိုင်ငံများမှ မဖြစ်မနေလိုက်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များ နှင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ် ခြင်းလုပ်ငန်းစဉ် ဆောင်ရွက် ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အချက်များအား ကုန်သွယ်ရေးဦးစီး ဌာနမှ ဘာသာ ရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး အမြဲတမ်းအတွင်းဝန်က လိုအပ်သည် များအားဖြည့်စွက် ရှင်းလင်းခဲ့သည်။ ဆွေးနွေးချက်များအပေါ် အခမ်းအနားသို့ တက်ရောက် လာသည့် အရာထမ်းများမှ သိရှိလိုသည့်အချက်များအား မေးမြန်းခဲ့ကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင် ဦးက ယနေ့ ဆွေးနွေးပွဲကိုကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ကြီးဌာနမှ အရာထမ်းများ အနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရင်းနှီးအကျွမ်းတဝင် သိရှိရန်၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်၌ မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းသာမက အခြားဝန်ကြီး ဌာနများကပါ ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်ဖြစ်ရာ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် Action Plan ရေးဆွဲ ဆောင်ရွက်သွားရန်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ကုန်သွယ်မှုနှင့်ပတ်သက်ပြီး အသိပညာပေး အစီအစဉ်များ ဆက်လက် ပြုလုပ်သွားရန်နှင့် ကုန်သွယ်မှုဝန်းကျင်ကောင်းဖြစ်အောင် ဝန်ထမ်းအားလုံး တာဝန်ယူ ဆောင်ရွက်ကြရန် မှာကြားသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယညွှန်ကြားရေးမှူးအထက် အရာထမ်းများတက်ရောက်ခဲ့ကြပြီး၊ နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိတာဝန်ခံအရာထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)