နေပြည်တော် စက်တင်ဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် (၂၂) မြို့နယ်ရှိ စိုက်ပျိုးဧကပေါင်း (၄၅၈၅၅) ဧကတွင် ဆောင်းသီးနှံပဲတီစိမ်း လျာထားစိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါလုပ်ငန်းများ အောင်မြင်စရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့သို့ရောက်ရှိပြီး တိုးရွှေဝါခန်းမတွင် သမဝါယမအသင်းသားများ၊ ပဲတီစိမ်းစိုက် တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ လယ်ယာစီးပွားကဏ္ဍ မြှင့်တင် ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ယင်းသို့ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် အခြေအနေ များ၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် လမ်း၊ တံတား၊ မီးရရှိရေး၊ ရေရရှိရေး စသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ နိုင်ငံတော်၏ မျှော်မှန်းချက် နှင့်အညီ ရာသီအလိုက် သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးပြီး မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့်စီမံကိန်း အောင်မြင်ရေး ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင်က ပဲတီစိမ်း စိုက်ပျိုးဆောင်ရွက်မည့် လျာထားချက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒေသခံတောင်သူများ၏ ပဲတီစမ်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့၊ သမဝါယမဦးစီးဌာန ရုံးသို့ရောက်ရှိပြီး သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည် များ မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ ရွှေဝါလတ်ခန်းမ၌ ကျိုက်လတ်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၈၉) အုပ်စုမှ စိုက်ပျိုးဧက (၃၉၂) ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တောင်သူများမှ သိရှိလိုသည်များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့သို့ ရောက်ရှိပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးတွင် လပွတ္တာခရိုင်နှင့်မြို့နယ်မှ မိမိဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ ခရိုင်မြို့နယ်ရုံးများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်အဂတိတရားကင်းရှင်းရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အချိန်မီပြီးစီးရေး၊ ရုံးများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိရေး မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထိုနေ့ညနေပိုင်းတွင် အိမ်မဲမြို့နယ်သို့ရောက်ရှိပြီး ပဲတီစိမ်းစိုက်တောင်သူများနှင့်တွေ့ဆုံကာ ကျေးရွာအုပ်စု (၉၇) အုပ်စုမှ စိုက်ပျိုးဧက (၁,၀၅၂) ဧကတွင် သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံတောင်သူများ၏ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်