မုံရွာ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများ ကြိုဆိုပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက မုံရွာပညာရေး ဒီဂရီကောလိပ်ကျောင်းဝင်းအတွင်းရှိ ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မုံရွာပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသူများက မင်္ဂလာပါသီချင်းဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဆရာကောင်းတစ်ဦးမှ သင်ကြားလေ့ကျင့် မွေးမြူပေးလိုက်သော တပည့်အပေါင်းသည် အရွယ်ရောက်၍ ဘဝခရီးကို လျှောက်လှမ်းရာတွင် ဖြောင့်တန်းပြီး မြင့်မြင့်မားမား ဝံ့ဝံ့ကြွားကြွား လျှောက်လှမ်းရပ်တည်နိုင်မှာ ဖြစ်ကြောင်း၊ ဆရာ ဆရာမများကလည်း မိမိတို့တာဝန်ကျရာ နေရာဒေသအသီးသီး၏ လူ့အဖွဲ့အစည်းများတွင် သင်ကြားရေးသာမကဘဲ ဒေသဖွံ့ဖြိုးရေးအတွက်ပါ ဦးဆောင်နိုင်သူများဖြစ်ရန်” အမှားစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီးထံ ငွေကျပ် ငါးသိန်းကို လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က သင်တန်းသား သင်တန်းသူများအတွက် ငွေကျပ် ငါးသိန်းကိုလည်းကောင်း ပေးအပ်ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် မုံရွာပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက ပန်းကလေးများရဲ့ ဥယျာဉ်မှူး အကဖြင့် လည်းကောင်း၊ နှလုံသားကို အလှဆင်ပါ သီချင်းဖြင့် လည်းကောင်း၊ ထာဝရမြန်မာ အကများဖြင့် ပြန်လည်ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကြသည်။
အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း PPTT (၈/၂၀၂၂) သင်တန်းသို့ သင်တန်းသား ၁၇ ဦး၊ သင်တန်းသူ ၃၅၀ စုစုပေါင်း ၃၆၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၈ ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)