တောင်ကြီး စက်တင်ဘာ ၂၃
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီး အလွတ်တန်း ဘိလိယက်နှင့် စနူစကာပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစား လေ့ကျင့်ရုံ၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲ ဖွင့်ပွဲတွင် ပြိုင်ပွဲဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးမှ အားကစားသမားများက ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “ပြိုင်ပွဲမှာ ဆုရရှိရန် တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံ့လက်ရွေးစင်ထိ ဖြစ်လာအောင် မြန်မာ့လက်ရွေးစင် ဦးပေါက်စလိုမျိုး နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုရရှိအောင် ကြိုးစားကြရန်” အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများက သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် ကိန္နရီ၊ ကိန္နရာ၊ တိုးနယားအက၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ စုပေါင်းအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြ ပြီး သရုပ်ပြ ဖျော်ဖြေသည့် အဖွဲ့များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများအဖြစ် ကိန္နရီ၊ ကိန္နရာ အကအဖွဲ့အား ချီးမြှင့်ငွေကျပ် ခြောက်သိန်း၊ တိုင်းရင်းသား တိုင်းရင်းသူ အကအဖွဲ့အား ချီးမြှင့်ငွေကျပ် ခြောက်သိန်း၊ ဘင်ခရာတပ်ဖွဲ့အား ချီးမြှင့်ငွေ ကျပ် သုံးသိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်သည်။
ယင်းနောက် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီး အလွတ်တန်း ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်က စနူကာ ခွဲဘောများကို ကျူတံဖြင့် ထိုး၍ ဖွင့်လှစ်ပေးလိုက်ပြီး မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)