ရန်ကုန် စက်တင်ဘာ ၂၃
တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ သားသမီးများအား နဝမအကြိမ်မြောက် ပညာရည်ချွန်ဆုချီးမြှင့် ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းမ(အလယ်ဘလောက်)ရှိ မြန်မာနိုင်ငံစာရေး ဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က အသင်းဝင်များ၏ ပညာရည်ထူးချွန်သော သားသမီးများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း သက်သာချောင်ချီရေးနှင့် ကျန်းမာရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမြတ်စိုး(မြတ်စိုး-လှိုင်)က ပညာရည်ချွန်ဆုချီးမြှင့်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူး(၅)ဘာသာဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသူ(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ(၁)ဦးနှင့် တစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင် ခဲ့သူ ကျောင်းသား(၂) ဦးတို့ကို မြန်မာ နိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) ကလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၆)ဦးတို့ကို မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိန်းနောင်-လယ်ဝေး)နှင့် ဒုတိယဥက္ကဋ္ဌ(၂) ဦးစိုးမြင့်(စိုးမှူး) တို့ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ရာ ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား ကျောက်တန်းမြို့နယ်မှ (၄)ဘာသာဂုဏ်ထူးရှင် မအင်းကြင်းမေ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း၏ နဝမအကြိမ်ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် (၅) ဘာသာဂုဏ်ထူး ရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၂)ဘာသာဂုဏ်ထူး ရှင်တစ်ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်(၈)ဦးတို့ကို ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
ဓာတ်ပုံ - ကနူး