နေပြည်တော် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်ကအိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့်ရသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်းများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က စားစရိတ်နှင့် ပြိုင်ပွဲကျင်းပစရိတ် ငွေကျပ်သိန်း ၃၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ လေ့ကျင့်ရေး အားကစားရုံ၌ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ကျင်းသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တာဝန်ရှိသူများထံ ပေးအပ်ခဲခြင်းဖြစ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် က အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့် ရည်ရွယ်ချက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အားကစားသမား အသီးသီး၏ မတူကွဲပြားသော ကစားပုံ၊ ကစားဟန် များကို လေ့လာဖလှယ်နိုင်စေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ ဒေသအသီးသီးက ပြိုင်ပွဲဝင်များအနေဖြင့် ရှမ်းပြည်နယ်၏ ယဉ်ကျေးမှုဓလေ့စရိုက် ဒေသန္တရ ဗဟုသုတများ လေ့လာခွင့်ရရှိစေရန် ရည်ရွယ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် အသင်းများအနေဖြင့် “ မြန်မာ့ ဘိလိယက် လက်စွမ်းထက်၊ တိုးတက်ပြန့်ပွား ဒို့ကြိုးစား “ ဆိုသည့် လေးနက်သော တိုးတက်မြှင့်မားရေးဆိုင်ရာ ခံယူချက်များကို အလေးအနက်ထား ယှဉ်ပြိုင်သွားကြရန် ပြောကြားသည်။
အဆိုပါ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်/စနှုကာပြိုင်ပွဲကို စက်တင်ဘာလ (၂၂) ရက်မှ (၂၉) ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)