နေပြည်တော် စက်တင်ဘာ ၂၃

 

ကျန်းမာရေးဝန်ကြီးဌာနသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေးပညာလေ့ကျင့်သင်ကြားရေးနယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့တွင် စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကျင်းပမည့် ခေတ်မီမော်လီကျူလာမျိုးရိုးဗီဇ နည်းပညာအသုံးပြု၍ ဇီဝပိုင်း ဆိုင်ရာ လုံခြုံမှုရရှိရေး အလုပ်ရုံဆွေးနွေးပွဲ“Using modern molecular genetic technologies in ensuring biological safety” သို့  ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီး (အဏုဇီဝဗေဒ) (၂)ဦးနှင့် ဆေးဘက် ဆိုင်ရာ နည်းပညာကျွမ်းကျင်ဝန်ထမ်း (၂)ဦး တက်ရောက်မည်ဖြစ်သည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် အဓိကအားဖြင့် HIV ရောဂါ၊ အသည်းရောင်ရောဂါ (ဘီ)နှင့် (စီ)နှင့် တီဘီရောဂါတို့၏ မျိုးရိုးဗီဇ အစီအစဉ်လေ့လာခြင်းနည်းပညာ (Genetic Sequencing) နှင့် ခေတ်မီမော်လီကျူလာ နည်းပညာ တို့နှင့်ပတ်သက်၍ ပိုမိုသိမြင်ကျွမ်းကျင်စေရန် လေ့ကျင့်သင်ကြားခြင်း အစီအစဉ်များပါဝင်၍ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မည့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Emirates လေ ကြောင်းလိုင်းဖြင့် ရုရှားနိုင်ငံသို့ ထွက်ခွာ သွားခြင်းဖြစ်သည်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ဆေးပညာနယ်ပယ်တွင် အတူတကွပူးပေါင်း ဆောင်ရွက် နိုင်ရေး လုပ်ဆောင်လျက်ရှိရာ မကြာမီကာလများတွင်လည်း အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ကိုယ်စားလှယ်များ ထပ်မံစေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)