ဥတ္တရခရိုင်အတွင်းရှိ ကျေးရွာ ၁၈ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဥတ္တရခရိုင်အတွင်းရှိ ကျေးရွာ ၁၈ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ယခုနှစ် ဇူလိုင်လ ဒုတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)အရ ဥတ္တရခရိုင်အတွင်းရှိ ဥတ္တရမြို့နယ်မှ ကျေးရွာ ခုနစ်ရွာ၊ တပ်ကုန်းမြို့နယ်မှ ကျေးရွာ ၁၁ ရွာ စုစုပေါင်းကျေးရွာ ၁၈ ၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်းက ပြောပြသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း တစ်ခု၊ ကျောက်ရောမြေနှင့် ရိစာလမ်းခင်းခြင်းလုပ်ငန်း ၁၂ ခု၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ခြောက်ခု၊ အုတ်စီရေမြောင်းနှင့် ကျောက်ရိုးစီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း လေးခု၊ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်းတစ်ခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၂၄ ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၈၀ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၃ ဒသမ ၉၄၈ သန်း စုစုပေါင်းငွေကျပ် ၁၈၃ ဒသမ ၉၄၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဦးစိုးလင်းက ဆက်လက်ပြောပြသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၈ ရွာရှိ အိမ်ထောင်စု ၄၀၉၉ စု၊ လူဦးရေ ၁၆၇၀၆ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်း သိရသည်။

သူသူငြိမ်း(ကျေးလက်)