(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ၊ စက်တင်ဘာ ၂၅

 

(၇၅)ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပဒေသာကပွဲကို နိုင်ငံတော်အဆင့် ခမ်းနားစွာ ကျင်းပနိုင်ရန် စုပေါင်းညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း၊ ယခုအချိန်တွင် ပဒေသာကပွဲ အစီအစဉ်  ရေးဆွဲရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီမှ တိုက်ရိုက်တင်ဆက်ကပြမည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်း၍  လျာထားတင်ပြလာပြီ ဖြစ်ကြောင်း၊ အဆိုပါလျာထား အစီအစဉ်များနှင့်အညီ အတည်ပြုပေးနိုင်မှသာ ဆပ်ကော်မတီအလိုက် ဆက်လက်လုပ်ဆောင်ရမည့်ကဏ္ဍများကို လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ၏ အတည်ပြုလျာထားချက်များကို ဗဟိုကော်မတီသို့တင်ပြ၍ အတည်ပြုချက် ယူပြီး ကြိုတင်ပြင်ဆင်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ဆောင်ရွက်သွားမည်ဖြစ်ရာ အစီအစဉ် လျာထားချက်များကို ဆွေးနွေး အကြံပြုစေလိုကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်မှ တာဝန်ရှိသူများနှင့် အတွေ့အကြုံရှိသော အနုပညာရှင်များ ပူးပေါင်းစီစဉ် ဆောင်ရွက်မည်ဖြစ်ရာ အောင်မြင်ပြီးမြောက်ရန်  ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် စိန်ရတုလွတ်လပ်ရေးနေ့ ပဒေသာကပွဲကျင်းပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီဝင်၊  ပဒေသာကပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်)၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊  မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများက ပဒေသာကပွဲနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်