ဆန်းဝင်း(ငါးဦးစီး)
မြန်မာလူမျိုးတို့ နှစ်သက်ကြသည့် ငါးသလောက်ကို ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာသာ ဖမ်းဆီးရမိသည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ သုံးနိုင်ငံတွင် အဓိကဖမ်းဆီးရမိပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အီရန်၊ အီရတ်၊ ကူဝိတ်၊ ဘာရိမ်း စသည့်နိုင်ငံများမှာလည်း တွေ့ရှိပါသည်။
ငါးသလောက်သည် ရေငန်မှာနေသော ငါးမျိုးစိတ်ဖြစ်ပြီး သားပေါက်ရန်အတွက် ရေချိုကို ပြန်လာကြသည့် (Anadromous fish) မျိုးစိတ်များ ဖြစ်ကြပါသည်။ သက်တမ်းတစ်နှစ်နှင့် နှစ်နှစ်မှာ အရွယ်ရောက်ကြပြီး ရေချိုမြစ်အတွင်း ဥချသားပေါက်လေ့ရှိပါသည်။ သားပေါက်များသည် ငါးလ၊ ခြောက်လသားအရွယ်တွင် ရေချိုရေငန်စပ်နှင့် ပင်လယ်ပြင်ကို ပြန်လေ့ရှိကြပါသည်။
ကမ္ဘာ့ငါးသလောက်ထုတ်လုပ်မှု၏ ၆၅ ရာခိုင် နှုန်း (ယခု ၈၆ ရာခိုင်နှုန်း) ကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီးထုတ်လုပ်ပြီး အိန္ဒိယ၌ ၂၅ ရာခိုင်နှုန်း (ယခု ၁၀ ရာခိုင်နှုန်း)၊ မြန်မာနိုင်ငံ၌ ၃ ရာခိုင်နှုန်းနှင့် ကျန်သည့်နိုင်ငံများမှာ အနည်းငယ်ဖမ်းဆီးရမိကြ သည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ၏ ငါးသလောက်ထုတ်လုပ်မှုသည် ၆၅ ရာခိုင်နှုန်း မှ ၈၆ ရာခိုင်နှုန်းသို့ တိုးတက်လာပြီး အိန္ဒိယက ၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျော့ကျသွားကြောင်း သိရှိရပါသည်။
ငါးသလောက်၏ အဓိက အစာ
ငါးသလောက်များသည် အပင်မျှောလှေး (Phytoplankton) ကို အဓိကစားသုံးကြပါသည် အပင်မျှောလှေးများအနက် Green algae ၅၈ ရာခိုင်နှုန်း၊ Diatom ၃၈ ရာခိုင်နှုန်း၊ Blue green algae ၁ ရာခိုင်နှုန်းတို့ပါဝင်ပြီး အကောင်မျှောလှေး များတွင် Crustacean ၁ ဒသမ ၃ ရာခိုင်နှုန်း၊ Rotifer ၀ ဒသမ ၅၆ ရာခိုင်နှုန်းနှင့် Protozoa ၀ ဒသမ ၆ ရာခိုင်နှုန်းပါဝင်ပြီး အပင်မျှောလှေးသည် ငါးသလောက်၏ အဓိကအစာဖြစ်သည်။
ငါးသလောက်ကို ဘင်္ဂလားပင်လယ်အော် (Bay of Bengal - BOB) မှာရှိသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ သုံးနိုင်ငံတည်းတွင်သာ အများအပြားထုတ်လုပ်နိုင်ပါသည် အကြောင်းရင်းမှာ BOB ၏ မြောက်ဘက်အစွန်းတွင် မေလမှ အောက်တိုဘာလအထိ အနောက်တောင်မုတ်သုံ လေတိုက်ခတ်လေ့ရှိပြီး နိုဝင်ဘာလမှ ဧပြီလအထိ အရှေ့မြောက်လေ တိုက်ခတ်လေ့ရှိသည့်အတွက် အဆိုပါသုံးနိုင်ငံ၌ Nitrate နှင့် Phosphorus အလွန်ကြွယ်ဝကြပါသည်။ Nitrate နှင့် Phosphorus ဓာတ်များသည် အပင်မျှောလှေးများ ပေါက်ပွားကြီးပြင်းရန်နှင့် သန္ဓေအောင်ရန် အတွက် အဓိကကျသည့် အာဟာရများဖြစ်ကြပါ သည်။ Nitrate နှင့် Phosphorus ဓာတ်များသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ထက် ဂင်္ဂါမြစ်၊ ဗြဟ္မပုတ္တ မြစ်နှင့် မဟိန္ဒမြစ်တို့၏ မြစ်ဝကျွန်းပေါ်၌ ပို၍ ပေါများကြပါသည်။ မြစ်ဝကျွန်းပေါ်များ၌ အပင်မျှောလှေး အပေါများဆုံးကာလသည် သြဂုတ်လမှ နိုဝင်ဘာလအထိဖြစ်ပြီး အဆိုပါကာလတွင် ငါးသလောက်အများဆုံး ဖမ်းဆီးရမိကြပါသည်။
သယံဇာတကျဆင်းလာခြင်း
သဘာဝတရားကြီးက ဖန်တီးပေးမှုအရ ဧရာဝတီမြစ်ဝကျွန်းပေါ် တည်ရှိသည့်အတွက် ကျွန်တော် တို့နိုင်ငံသည် ကမ္ဘာ့ငါးသလောက်အများဆုံးထုတ် လုပ်သည့် နိုင်ငံသုံးနိုင်ငံတွင် ပါဝင်နေသည်မှာ အလွန်ဂုဏ်ယူစရာ ကောင်းပါသည်။ သို့သော် ယနေ့အခြေအနေတွင် ငါးသလောက်ဖမ်းဆီးရမိမှု ကျဆင်းလာခြင်း၊ ငါးအရွယ်အစားငယ်သွားခြင်း စသည့် သယံဇာတ ကျဆင်းလာခြင်းနှင့် ကြုံတွေ့နေရ ပြီဖြစ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနက ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးနှင့် စျေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၁၁-၁-၂၀၂၂ ရက်က စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ရုံးအမှတ်(၁၅) တွင် ပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲ တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးသလောက် သားပေါက်သည့်နေရာများကို ထိန်းသိမ်းကာကွယ် ရန် နေရာ ၁၁ ခုအား တစ်နှစ်ပတ်လုံး ငါးဖမ်းဆီး ခြင်းမပြုရန်၊ ဘေးမဲ့ဧရိယာအဖြစ် သတ်မှတ်ရန်နှင့် မျိုးဆောင်ငါးသလောက်များ ရွှေ့ပြောင်းသွားလာရာလမ်းကြောင်းကို ရာသီအလိုက် ပိတ်ပင်နိုင်ရန် အတွက် တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်း စသည့် မြစ်ကြောင်းလေးခုကို ရာသီအလိုက် ငါးသလောက် ဖမ်းဆီးခြင်းမပြုသည့် ကာလသတ်မှတ်ရန် ဆုံးဖြတ် ချက်ချမှတ်ခဲ့ပါသည်။

ငါးသလောက်မျိုး ထိန်းသိမ်းရေးဧရိယာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၂-၃-၂၀၂၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၇/၂၀၂၂) ဖြင့် ရွေးမြစ်ကြောင်း၊ ပြန်မလော့-ဧရာဝတီမြစ် ကြောင်း၊ ဘိုကလေး - ရာဇူတိုင် - ဧရာဝတီမြစ် ကြောင်း၊ တိုးမြစ်ကြောင်း စသည့်မြစ်ကြောင်း လေးခုကို ငါးသလောက်မျိုး ထိန်းသိမ်းရေးဧရိယာ အဖြစ် သတ်မှတ်ပြီး ငါးသလောက်ငါးများ ဥချသား ပေါက်ရန် ရေချိုသို့တက်ရောက်လာသည့် နှစ်စဉ် စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ ငါးသလောက် ဖမ်းဆီးခြင်း မပြုရန် ပိတ်ပင်တားမြစ်ထားပါသည်။
ဘေးမဲ့ဇုန် ၁၁ ဇုန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၂-၃-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၆/၂၀၂၂) ဖြင့်လည်း ငါးသလောက်သားပေါက်များ ရှင်သန် ကြီးထွားစေရန် ဧရိယာ ၁၁ နေရာကို ဘေးမဲ့ဇုန် အဖြစ်သတ်မှတ်ပြီး မည်သည့်ငါးမျိုးမျှ ဖမ်းဆီးခြင်း မပြုရန် တားမြစ်ထားပါသည်။ ၎င်းတို့မှာ ဟင်္သာတ မြို့နယ်ရှိ ဖောင်ဆိပ်သောင်၊ ဇလွန်မြို့နယ်ရှိ နန်းတော်ကျွန်းသောင်၊ ဓနုဖြူမြို့နယ်ရှိ ဇကာကြီး သောင်၊ ညောင်တုန်းမြို့နယ်ရှိ ဝဲကြီးသောင်၊ ပန်းတနော်မြို့နယ်ရှိ ကဇင်းတောသောင်၊ မအူပင် မြို့နယ်ရှိ ငါးဖယ်အိုသောင်၊ တလုပ်လှအရှေ့သောင်၊ ပန်းလှိုင်ချောင်းဝ စသည့် ဘေးမဲ့ဇုန် ၁၁ ဇုန်သတ်မှတ် ထိန်းသိမ်းထားရှိပါသည်။
မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း များသည် ၁၂-၉-၂၀၂၂ ရက်က မအူပင်ခရိုင်၌ ငါးသလောက်အများဆုံးဖမ်းဆီးသည့် ကဝက် ကင်းဒေသသို့ ကွင်းဆင်းပြီး ကဝက်ကင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ပလောင်ကြီးကျေးရွာတို့ ၌ ရေလုပ်သားများနှင့်တွေ့ဆုံပြီး ငါးသလောက် ငါးမျိုး၏ပေါက်ပွားခြင်း၊ ရွှေ့ပြောင်းသွားလာခြင်း (Spawning, migration) အကြောင်း သိကောင်း စရာများနှင့် ငါးသလောက်ငါးမျိုးထိန်းသိမ်းရေး အကြောင်းများကို ပညာပေးဆွေးနွေးခဲ့ပါသည်။
ထို့ပြင် ငါးသလောက်ဖမ်းဆီးသည့် ရေလုပ်သားများ၊ ရေနေသယံဇာတထိန်းသိမ်းရေးအဖွဲ့များ လိုက်ပါ၍ ကဝက်ကင်းကျေးရွာ ပိုက်မဲချက်နှင့် ပန်းလှိုင်ရေထိန်းတံခါးတို့တွင် ပညာပေးပိုစတာများ စိုက်ထူပေးခဲ့ပါသည်။
ကြီးမားသည့် သမိုင်းမှတ်တိုင်တစ်ခု
ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံး GDP စုစုပေါင်း၏ ၁ ဒသမ ၁၅ ရာခိုင်နှုန်းကို ငါးသလောက်ဖမ်းဆီးမှုက ရရှိပြီး ရေလုပ်သား ငါးသိန်းခန့်အလုပ်အကိုင်ရရှိကြ ကာ လူဦးရေ ၂ ဒသမ ၅ သန်းခန့် ဆက်စပ်ပြီး အလုပ်အကိုင်ရရှိကြကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ငါးသလောက်ဥချ ခြင်း၏ အမြင့်ဆုံးအချိန် အောက်တိုဘာလ ၆ ရက်မှ ၂၂ ရက်နေ့အထိ တစ်နိုင်ငံလုံး ငါးသလောက်မဖမ်းရ ပိတ်ပင်ထိန်းသိမ်းထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ငါးသလောက် ထုတ်လုပ်မှုသည် ကမ္ဘာ့ ထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းသို့ တိုးတက်လာကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ ငါးသလောက်တင်ပို့မှုမှာ နှစ်စဉ် တန်ချိန် ၁၃၀၀၀ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တင်ပို့မှု့မှာ တန်ချိန် ၄၅၀၀၀ဝ ခန့်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သောဆယ်စုနှစ်အတွင်း ထုတ်လုပ်မှုထက် တန်ချိန် ၁၀၀၀၀၀ ကျော် တိုးတက်ထုတ်လုပ်နိုင်မှုမှာ နှစ်စဉ်ငါးသလောက်သားပေါက် ရာသီတွင် ငါးဖမ်းဆီးခွင့် ပိတ်ပင်ခြင်းကြောင့် တိုးတက်မှုရရှိလာကြောင်း တွေ့ရှိရပါသည်။
မိမိတို့နိုင်ငံတွင်လည်း ယခုနှစ်မှစ၍ ငါးသလောက် သားပေါက်ချိန် ရာသီအလိုက်ငါးဖမ်းခွင့် ပိတ်ပင်ခြင်းနှင့် ငါးမဖမ်းရဧရိယာများ သတ်မှတ်နိုင်ခဲ့ခြင်းသည် သယံဇာတ ထိန်းသိမ်းရေးအတွက် လွန်စွာကြီးမားသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
အလားတူ သဘာဝကပေးထားသည့် အခြေအနေကောင်းများရှိပြီးဖြစ်သည့် မိမိတို့နိုင်ငံတွင် ဤကဲ့သို့ လွန်စွာကောင်းမွန်သည့် ငါးလုပ်ငန်းစီမံခန့်ခွဲမှု (Fishery Management) ဆောင်ရွက်နိုင်ခြင်းဖြင့်လည်း အခြေခံရေလုပ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ရေထွက်ပို့ကုန်များ တိုးမြှင့်တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေရှာဖွေပေးနိုင်ခြင်း၊ အဖိုးမဖြတ်နိုင်သည့် မြန်မာပြည်သူများ နှစ်သက်မြတ်နိုးကြသည့် ငါးသလောက် သယံဇာတ ရေရှည်တည်တံ့ကာ စဉ်ဆက်မပြတ် စားသုံးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိကြမည် ဖြစ်သဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်းပေးကြပါရန် တိုက်တွန်းရေးသားအပ်ပါသည်။ ။