အရိုင်းစံပယ်

အောင်လင်း

“မလိုပါဘူး၊ ကိုယ့်ဘဝမှာ ကိုယ့်ရည်မှန်းချက်ကို ရောက်အောင်လုပ်တာဟာ စိတ်အချမ်းသာဆုံးပဲ။  ကျုပ်ဘဝမှာ ကျုပ်  သူဌေးမဖြစ်ချင်ဘူး။ အနုပညာ သမားဖြစ်ချင်တယ်။  ဒုက္ခပင်လယ်မှာ နစ်ပြီး သေချင်သေပစေ။ မြို့မငြိမ်းလို ပညာရှင်တစ်ယောက် ဖြစ်ချင်တယ်။ ဒါဟာ ကျုပ်ရဲ့ အကြီးဆုံးရည်မှန်းချက် ပဲ”

 

ကိုဘခက်၏ မျက်လုံးများသည် ပို၍တောက်ပသွားသည်။ သူ့ရည်မှန်းချက် ပန်းတိုင်ကို မျှော်ကြည့်နေသလို ရှေ့သို့မျှော်ကြည့်လိုက်သည့်အခါတွင် ‘မ’ ၏အကြည့်နှင့် အကြည့်ချင်းဆုံ၍ သွားလေသည်။ ကိုဘခက်က ‘မ’ ကို ခြေဆုံးခေါင်းဆုံး ကြည့်နေပြန်သဖြင့် ‘မ’ မှာ အနေရခက်နေရှာတော့သည်။

 

“ဒါဖြင့် ဆရာ သီချင်းတွေများများစပ်ပေါ့။ ဆရာ့ပညာနဲ့ဆိုရင် ဆရာဟာ သီချင်းရေးဆရာ ကောင်းကောင်းဖြစ်နိုင်တာပဲ။ တချို့ ဘာမှမတီးတတ်တဲ့ လူတွေတောင် ကဗျာတွေ ခိုးခိုးပြီး သီချင်းစပ်သေးတာပဲ။ ဆရာစပ်ရင် တကယ့်မြန်မာသံစစ်စစ်သီချင်းတွေ ဖြစ်လာမှာပေါ့”

 

‘မ’ က မျက်လွှာကိုချလိုက်ပြီး စကားလွှဲ၍ပြောလိုက်သော်လည်း ကိုဘခက်က မူ ‘မ’ ကို စိုက်ကြည့်နေသည်။ ပြီးမှ သက်ပြင်းကိုချလိုက်ရင်း ခပ်ညည်း ညည်း ပြောလိုက်သည်။

 

“ကျုပ် စောစောကပြောတယ်မဟုတ်လား။ သီချင်းစပ်တယ်ဆိုတာ ရင်ထဲ နှလုံးသားထဲက လာတာပဲ။ ဒါမှလည်း အသက်ပါတယ်။ ပဉ္စသီခနတ်သားဟာ သူရိယဝစ္ဆနတ်သမီးရဲ့အလှကို စောင်းဂါထာ ဆယ့်ငါးပုဒ်နဲ့ ဖွဲ့ဆိုထားတာ ဘယ်လောက် ပြောင်မြောက်သလဲ။ ကျုပ်က အဲဒီလိုသီချင်းမျိုးကို စပ်ချင် တယ်။ ဒါပေမဲ့ ခက်နေတာ ကျုပ်မှာဘယ်မိန်းကလေးတစ်ယောက်ရဲ့ အလှကိုမှ မယစ်မူးခဲ့ဖူးဘူး။ မိန်းကလေး တစ်ယောက်ကိုလည်း တစ်ခါမှ သေသေချာချာမကြည့်ခဲ့ဖူးဘူး။

 

“ဒါပေမဲ့ ကနေ့တော့ ကျုပ်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှဘွဲ့ သီချင်းတစ်ပုဒ်ကို စောစောက စပ်ကြည့်တယ်။ မအောင်မြင်ဘူး။ ကျုပ်သီချင်းထဲ ကမိန်းကလေးဟာ အပြင်မှာ တကယ်ရှိနေတဲ့ မိန်းကလေးလောက်မလှဘူး ဖြစ်နေတယ်”

 

‘မ’ သည် ကိုဘခက်ဆိုလိုသော အဓိပ္ပာယ်ကို နားမလည်ရှာပေ။ ထို့ကြောင့်လည်း ဆက်၍မေးလိုက်မိသည်။

 

ဒါဖြင့် ဒီ ဆရာတင်စားတဲ့မိန်းကလေး ဟာ အပြင်မှာ တကယ်ရှိတာပေါ့”

 

ကိုဘခက်သည် ‘မ’ ကို သေသေချာချာ စိုက်၍ကြည့်နေရင်းမှ မသွယ်ဝိုက်ဘဲ ပြောလိုက်လေသည်။

 

“ကျုပ်ပြောတာကို ‘မ’ နားမလည်ဘူးထင်တယ်။ ကျုပ်သီချင်းထဲမှာ ဖွဲ့ထားတဲ့ မိန်းကလေးဟာ လှသင့်သလောက်တော့ လှတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အလှကို မီအောင် ကျုပ် မစပ်နိုင်သေးဘူး”

 

‘မ’ သည် မျက်လုံးကလေးများ ဝိုင်း၍ သွားလေသည်။

 

ကိုဘခက်၏စကားကြောင့် ‘မ’ သည် မျက်နှာကလေးပင် နီ၍လာသည်။ ကိုဘခက်ကမူ ဘာမျှထူးခြားဟန်မရှိ၊ သူပြောသောစကားကိုပင် ဘယ်အဓိပ္ပာယ် သို့ ရောက်မည်ကိုလည်း သိဟန်မတူ။

 

‘မ’ သည် ခေါင်းကို မဖော်ရဲတော့ချေ။ ကိုဘခက်၏မျက်နှာကိုလည်း မကြည့်ရဲတော့ချေ။ ကိုဘခက်သည် ‘မ’ ကို တစ်ချက်မျှကြည့်လိုက်ပြီးလျှင် ‘မ’ ၏ အလှကို ချီးကျူးလိုက်ပြန်သည်။

 

“ကျုပ် မိန်းကလေးတစ်ယောက်ကို သေသေချာချာမကြည့်ဖူးဘူး။ ကနေ့မှပဲ ခင်ဗျားကိုကြည့်ရင်း သဘောပေါက်မိတယ်။ မိန်းမတစ်ယောက်ရဲ့အလှဟာ ပန်းရဲ့အလှနဲ့လည်းမတူဘူး။ ရွှေလမင်း ရဲ့အလှနဲ့လည်း မတူဘူး၊ ကြယ်ကလေးတွေရဲ့ အလှနဲ့လည်း မတူဘူး။ တိမ်နွယ်ပန်းတွေရဲ့ အလှနဲ့လည်း မတူဘူး။ ဘယ်လိုအလှမျိုးနဲ့မတူဘူး။ လျှို့ဝှက်တယ်၊ နက်နဲတယ်၊ ဆန်းကြယ်တယ်၊ နုနယ်တယ်။ ဒီလိုအလှကိုဖွဲ့တဲ့နေရာမှာ တင်စားပြီးဖွဲ့တိုင်းလည်း ဂုဏ်မမြောက်နိုင်ဘူး။ တင်စားချက်က အလှရဲ့သရုပ်ကို ပေါ်လွင်အောင် တော်တော်ကို ရွေးချယ်ဖွဲ့နွဲ့ရတယ်။ ဥပမာ ပွတ်မှာတင် ချွတ်၊ တမွတ်ရွှေခိုင်၊ ရောပြိုင်လှမော၊ ရွှေငှက်ပျောတုံးဟန်ပန်၊ ရွှေပေါင်တံ ရှိသောဆိုတဲ့ အဖွဲ့အနွဲ့မျိုးကျတော့ ပေါင်ရဲ့ ဝင်းဝါညက်ညောတဲ့အလှကို ပေါ်လွင်တယ်။ ရွှေမုရိုးစည်ပုံမယွင်း၊ ရွှေလည်ပင်းကို ချက်ချင်းသိမ်းယှက်၊ ဘက်လှည့်ပါသော ဆိုတဲ့အဖွဲ့ကျတော့ ပဉ္စသိင်္ခအနေနဲ့ ဖွဲ့နွဲ့လို့ မထိုက်တန်ဘူး။ လူသားတွေအနေနဲ့လည်း သရုပ်ပေါ်ချင်မှ ပေါ်မယ်။ ကျုပ် အခက်အခဲတွေ့နေရ တာလည်း ဒါပဲ။ ကျုပ်ခင်ဗျားရဲ့အလှကို မီအောင်မဖွဲ့နိုင်တာဟာ စဉ်းစားလို့ မရဘူး။ ကျုပ်ကပဲ ညံ့ဖျင်းတာလား၊ ခင်ဗျားကိုကလည်း သိပ်လှသလား။ ဒီဟာနှစ်ခု တစ်ခုခုတော့ဖြစ်ရမယ်”

 

‘မ’ သည် နေရာမှထ၍ ပြေးချင်တော့သည်။ ကိုဘခက်၏  မျက်နှာကို ရုတ်တရက် မရဲတရဲ အကဲခတ်ကြည့် လိုက်ပြန်တော့လည်း ဘာမျှ ဆန်းကြယ်ခြင်းမရှိ၊ ပကတိတည်ကြည်လှသည်။

 

“တခြားအကြောင်းပြောပါဆရာ... ‘မ’ မနေတတ်တော့ဘူး။ ပြီးတော့လည်း ဆရာပြောသလို ‘မ’ က ဒါလောက်လည်း မချောပါဘူး”

 

‘မ’ က တုန်တုန်ယင်ယင်ဖြင့် တောင်းပန်လိုက်ရှာသည်။ ‘မ’ ၏ရင်ထဲ၌ကား တစ်သက်နှင့်တစ်ကိုယ် ခုအကြိမ် အလှုပ်ရှားဆုံးဟု ထင်မိသည်။ ကိုဘခက်ကမူ ခုမှပင် သူပြောလိုက်သောစကားအတွက် ‘မ’ ကို အားနာဟန်ရှိလေသည်။

 

“အေးဗျာ... ကျုပ်ပြောတဲ့စကားတွေဟာ ‘မ’ အတွက် အနှောင့်အယှက် ဖြစ်မယ်ဆိုရင်လည်း တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်သန့်သန့်ရှင်းရှင်း ပြောတယ်ဆိုတာတော့ ခင်ဗျားယုံပါ။ ‘မ’ ကို မြှောက်ပြီးပြောတာ မဟုတ်ဘူး၊ ဖောက်ပြားတဲ့စိတ်နဲ့ ပြောတာလည်း မဟုတ်ဘူး။ ကျုပ်မျက်စိထဲမှာကိုက လှတယ်ထင်လို့ ပြောတာပဲ။ မြန်မာသီချင်းကြီးတွေထဲမှာ မိန်းမရဲ့အလှကို ဖွဲ့တာနည်းတယ်၊ ရှိသလောက်အလှ ဘွဲ့တွေဟာလည်း နောက်ဆရာတွေရေး တာများတယ်။ ဥပမာ ပပဝင်းဝင်း ပတ်ပျိုးဆိုပါတော့။ အဲဒီသီချင်းဟာ အလှဘွဲ့သီချင်းတစ်ပုဒ်ပဲ။ ဒါပေမဲ့ သူ့ရဲ့ အသံနဲ့တေးသွားက မြမြမောင်းမောင်းကို လိုက်တာပဲ။ ဖြိုးဖြိုးရွှေရင် သီချင်း ခန့်ဆိုတာလည်း ဒီလိုပဲ။ မိန်းမရဲ့ အလှဘွဲ့ကို ဖွဲ့တဲ့နေရာမှာလည်း တော်တော်ရဲတင်းတဲ့ သီချင်းတစ်ပုဒ်ပဲ။ ရင်ရဲ့အလှကို ပေါ်လွင်အောင် ဖွဲ့နိုင်တယ်။ ပြီးတော့လည်း အဆုံးပိုဒ်ကျတော့ ဒီအလှကြောင့် တကယ့်မေတ္တာစစ် မေတ္တာမှန်သဘော မထားဘဲ ကျီစားရုံလောက် သဘောထားတဲ့အကြောင်းကလေးကို ဖွဲ့ထားပုံက ကရုဏာရသ ပေါ်လွင်တယ်။ ဒါပေမဲ့ သူလည်း တေးသွားကျတော့ ဆဒ္ဒန်အိုင်သာ တစ်ချက်လွှတ်သီချင်းခန့်ပဲ။ ဒီလိုပဲ သင်းသင်းကြိုင်ကြိုင် သီချင်း ဆိုရင် ရုပ်ရဲ့အလှကို ဖွဲ့တာပဲ။ ဒါပေမဲ့ သူလည်း တေးသွားကျတော့ ဆဒ္ဒန် အိုင်သာကို လိုက်တာပဲ။ နောက်တစ်ပုဒ် ရှိသေးတယ်။ မြဆံကေသာဆိုတဲ့ သီချင်း လည်း ဒီအတိုင်းပဲ။ မိန်းမရဲ့ ဆံပင် အလှကို ဖွဲ့တာပဲ။ ဒါလည်း စာသားအရ ကွဲတယ်။ တေးသွားနဲ့ တီးကွက်က တစ်ချက်လွတ်ခံကို လိုက်တာပဲ။ မြန်မာ သီချင်းကြီးတွေထဲမှာ  အလှဘွဲ့နဲ့ ပတ်သက်ပြီး စာသားရော တေးသွားပါ သန့်သန့်မရှိခဲ့သလောက်ပဲ။ အလှဘွဲ့ သီချင်းကို ရှေးဟန်ခန့်ခန့်နဲ့ ကျုပ်စပ်ကြည့်ချင်တယ်”

 

သည်တော့မှလည်း  ‘မ’ သည် သက်ပြင်းကလေးကို ချလိုက်မိသည်။

 

ကိုဘခက်သည် သူပြောချင်သော စကားများကို ပြောပြီးလျှင် ငေးကြည့်ကာ ကျန်ခဲ့လေသည်။ ကိုဘခက်ပြော သော စကားများကိုလည်း မည်သို့မျှ အဓိပ္ပာယ်မကောက်တတ်အောင်ရှိတော့သည်။

 

သို့ပေမယ့် ‘မ’ ရင်ထဲ၌ကား ကိုဘခက် ပြောသွားသော စကားများကြောင့်    တုန်လှုပ်ချောက်ချားလျက် ရှိနေသည်ကိုကား ငြင်းမရနိုင် ဖြစ်တော့သည်။

 

ကိုဘခက်၏စောင်းသံသည် အသံချဲ့စက်အတွင်းမှ မင်္ဂလာခန်းမတစ်ခုလုံးကို ပျံ့လွင့်သွားသည်။ စောင်းသံနှင့်အတူ ကြည်လင်ပြတ်သားလှသော သီချင်းသံသည်လည်း မင်္ဂလာခန်းမတစ်ခုလုံးကို လွှမ်း၍သွားလေသည်။

 

စောစောကမူ အဖွဲ့ပေါင်းစုံမှ သီချင်း မျိုးစုံကို တီးကြသည်။ ရေဒီယိုတွင် ခေတ်စားနေသော သီချင်းသံများလည်း ကြားရသည်။ ဘလှသန်းထွန်းတို့ လူသိုက် တီးသွားသော နိုင်ငံခြားသီချင်း သံများလည်း ကြားရသည်။

 

ယခုမူ မင်္ဂလာအခမ်းအနားကို စပြီ ဖြစ်သဖြင့် ဘိသိက်ဆရာနှင့် ကိုဘခက် တို့ တီးဝိုင်းသာ အချီအချ စခန်းသွား လျက်ရှိသည်။

 

ကိုဘခက်သည် စောင်းဖြင့် ချစ်သမျှ ကိုပတ်ပျိုးကို ဆိုတီးတီးလိုက်သည်။ မင်္ဂလာခန်းမတစ်ခုလုံးကား ကိုဘခက်၏ သီချင်းသံကြောင့် ငြိမ်သက်လျက်ရှိ သည်။

 

‘မ’ သည် မွန်၏နောက်နားမှ အပျိုရံ အဖြစ် ထိုင်နေရှာသော်လည်း စိတ်အိုက် နေပုံရသည်။ မော်ကမူ မချိုမချဉ်မျက်နှာ ကလေးဖြင့် မွန့်ကို ခပ်တိုးတိုးနောက် လိုက်သည်။ မွန်သည် တည်ကြည်သော ဣန္ဒြေဖြင့် ခေါင်းကိုငုံ့ကာ မလှုပ်မယှက် ထိုင်၍နေသည်။

 

အမှန်၌ မွန်၏မင်္ဂလာပွဲတွင် ‘မ’ရော မော်ပါ ဝမ်းသာ ကြည်နူးနေရမည် ဖြစ်သော်လည်း ‘မ’ ၏မျက်နှာကလေးက မည်မျှပင် ဟန်ဆောင်နေရသော်လည်း ညှိုးရိပ်သမ်းလျက်ရှိသည်။ ရင်ထဲ၌ အလိုလိုဝမ်းနည်းသလို ရှိတော့သည်။

 

ထိုအထဲတွင် ကိုဘခက်၏သီချင်းသံကို ကြားလိုက်ရသောအခါ မနည်းပင် ဣန္ဒြေ ဆောင်၍ နေရတော့သည်။ဘိသိက်ဆရာသည် မင်္ဂလာအခမ်း အနားကို တစ်ခုပြီးတစ်ခု ဆက်၍သွား လေသည်။ ဘိသိက်ဆရာက  အာဝဇ္ဇန်းရွှင် သလောက် ကိုဘခက်၏တီးဝိုင်းကလည်း ငြိမ့်ညောင်းလှလေသည်။

 

‘မ’ စိတ်ထဲ၌ကား မြန်မြန်ပြီးပါစေ ဟုသာ ဆုတောင်းနေမိသည်။ နေရထိုင်ရသည်မှာလည်း ကျဉ်းကျပ်လွန်းလှ သည်။ အတွင်းစိတ်ကို ဟန်ဆောင်နေရ သည်မှာလည်း ပင်ပန်းလှသည်။

 

နေ့ခင်းမှစသော မင်္ဂလာအခမ်းအနားသည် ညနေစောင်းမှပင် ပြီးတော့သည်။ အခမ်းအနား ရုပ်သိမ်းပြီးသောအခါ လက်ဖွဲ့ပစ္စည်းများနှင့် စာရင်းကို ဗစ်တာ့ လက်ထဲသို့ အပ်လိုက်သည်။

 

ဒေါ်ခင်မျိုးသန့်ကမူ လက်ဖွဲ့ပစ္စည်း များကိုကြည့်ရင်း ကျေနပ်နေဟန်ရှိသည်။

 

ဆက်လက်ဖော်ပြပါမည်။