ရန်ကုန်မြို့ စက်တင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကလေးများကို ကလေးသူငယ် အခွင့်အရေးများနှင့်အညီ ပြုပြင်ထိန်းကျောင်းပေးနေမှု၊ အာဟာရ ကျွေးမွေးမှု၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် စားဖိုဆောင်အတွင်း ကျောင်းသားများအတွက် ချက်ပြုတ်နေမှု၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသားများ စာပေလေ့လာနေမှုများနှင့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းသားများနှင့် တွေ့ဆုံကာ မိမိတို့သင်တန်း ကျောင်းသည် ကလေးများကို ပြစ်မှုကျူးလွန်ခဲ့သူများဟု မသတ်မှတ်ဘဲ ပြုပြင်ထိန်းကျောင်း လေ့ကျင့်သင်ကြားပေးနေသော ကျောင်းဖြစ်ပါကြောင်း၊ စာပေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဘဝရပ်တည်မှုရရှိအောင် လေ့ကျင့်ပေးလျက်ရှိရာ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်အောင် ရည်မှန်းပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ပါ၍ ကျောင်းသားများအနေဖြင့် မိမိတို့အခွင့်အရေးကို သိရှိရုံသာမက တာဝန်ယူမှုရှိရှိဖြင့် ပြုမှုနေထိုင် ကြရန်လိုအပ်ပါကြောင်း၊ စည်းကမ်းတကျ နေထိုင်ကြပြီး ဝါသနာပါရာ အားကစားနည်းအလိုက် ထူးချွန်အောင် လေ့ကျင့်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (တွံတေး) သို့ ရောက်ရှိကာ ကျောင်းအုပ်၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအပေါ် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အဆောင်များသို့ ကြည့်ရှုစစ်ဆေးကာ ကလေးများကို ကူးစက် ရောဂါများ မဖြစ်ပွားစေရေး အလေးထား ဆောင်ရွက်ကြရန်၊ သင်တန်းကျောင်းသို့ ရောက်ရှိစဉ်ကာလအတွင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်စွာ နေထိုင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကျောင်းမှသင်ကြားပေးလိုက်သော အသက်မွေးဝမ်းကျောင်း ပညာရပ်များကို မိမိတို့ဘဝအတွက် အမှန်တကယ် အသုံးချနိုင်ရေး လေ့ကျင့်သင်ယူကြရန် တိုက်တွန်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) သို့ရောက်ရှိကာ သင်တန်းကျောင်း အဆောက်အဦကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်အကျိုးရှိစွာ အသုံးချနိုင်ရေး စီမံဆောင်ရွက်ကြရန် မှာကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံ ကျောင်းတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန(၃)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ အရည်အချင်းများအား အမြဲတမ်းတိုးတက်နေအောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ်များ စောင့်ထိန်းကြရန်၊ ကျန်းမာရေးအသိ လုံခြုံရေးသတိဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာနတွင် လေ့ကျင့်သင်ကြားပေးနေမှုနှင့် ခေတ်နှင့်အညီသင်ကြား ပို့ချပေးနိုင်မှု၊ လက်တွေ့လေ့လာသင်ယူရန် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားပြီးနောက် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာတွင် ကလေးများ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနေမှုကို ကြည့်ရှု၍ မသန်စွမ်းကလေးငယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။
ဆက်လက်၍ ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး သိုလှောင်ရုံနှင့် ဗဟိုသိုလှောင်ရုံများသို့ သွားရောက်စစ်ဆေးခဲ့ပြီး သဘာဝဘေး အရေးပေါ်အခြေအနေများ ပေါ်ပေါက် လာပါက အဆင်သင့်ဖြစ်စေရေး၊ အမြန်ဆုံး ဖြန်ခွဲနိုင်ရေးအတွက် စနစ်တကျ သိုလှောင်ထားရှိရန်၊ ပစ္စည်းများ ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှု ကာကွယ်နိုင်ရေးထားသိုမှု၊ စာရင်းသွင်းမှုများ ဆောင်ရွက်ထားကြရန်၊ မီးဘေးအန္တရာယ် မကျရောက်စေရေး ကြိုတင်ဆောင်ရွက်ထားရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် လုပ်ငန်းများဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် အမျိုးသမီးကလေးများ သင်တန်းကျောင်း၊ ထောက်ကြန့်တွင် တာဝန်ရှိသူများနှင့် ကာကွယ်စောင့်ရှောက်ထားသော အမျိုးသမီးကလေးများကို တွေ့ဆုံ၍ ကလေးသူငယ် အခွင့်အရေး (၄) ရပ်ကို အပြည့်အဝ ဖြည့်ဆည်းပေးရန်နှင့် စောင့်ရှောက်ခံ ကလေးများအနေဖြင့် ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်အောင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့လာသင်ယူကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်