နေပြည်တော် စက်တာဘာ ၂၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဂျိုင်းကျေးရွာအနီး အရှေ့- အနောက်စီးပွားရေး စင်္ကြန်လမ်းမကြီးပေါ်၌ တည်ဆောက်လျက်ရှိသည့် ဂျိုင်း(ကော့ကရိတ်)တံတား တည်ဆောက်မှု ၈၆ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

“ ဒီတံတားသစ်ရှိတဲ့ လမ်းပိုင်းဟာ မြန်မာနိုင်ငံရန်ကုန် သီလဝါရေနက်ဆိပ်ကမ်း မှ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့လာအိုနိုင်ငံတို့ကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်း မြို့အထိ ခရီးပေါက်မှာ ဖြစ်ပါတယ်၊အရှေ့-အနောက် စီးပွားရေးစင်္ကြန် လမ်းမကြီးပေါ်မှရှိတဲ့ ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ တံတားဖြစ်ပါတယ်” ဟု တံတား ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝေဖြိုးက ပြောသည်။

 ယခုတည်ဆောက်နေသည့် ဂျိုင်း(ကော့ကရိတ်) တံတားကို ဂျပန်းယန်း ၆ဒသမ၈ ဘီလီယံ  အကုန်ကျခံ၍ တည်ဆောက်လျက်ရှိပြီး တံတား အရှည် (၁၉၀၃)ပေ ၊ ယာဉ်သွား လမ်း အကျယ်(၇၄)ပေ၊ ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန်(၆၀) ရှိကာ လေးလမ်းသွားတံတား ၊ သုံးခန်းတွဲ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတား အမျိုးအစား ဖြစ်ကြောင်း သိရသည်။

“ တံတားတည်ဆောက်မှုအပိုင်းမှာ တံတားတစ်စင်းလုံးရဲ့ တည်ဆောက်ပြီးစီးမှု ၈၆ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပါတယ်။ ဒီတံတားသစ်ကြီးမပြီးခင် တံတားအဟောင်းပေါ်က နေ့စဉ်ဖြတ်သန်းသွား လာနေကြတဲ့ ပြည်သူတွေ သွားလာမှု အဆင်ပြေအောင် စောင့်ကြည့် ကူညီနေပါတယ်။ တံတားကိုအသုံးပြုမယ့်ပြည်သူတွေဟာ တံတားဦးစီးဌာနရဲ့ Coustomer များဖြစ်တဲ့အတွက် တံတားသစ်ကြီးတည်ဆောက်နေတဲ့ ကာလမှာ တံတားအဟောင်းကို အသုံးပြုနေရတဲ့အတွက် ဒီတံတားကောင်းမွန်ရေးကိုလည်း အမြဲမပြတ်စောင့်ကြည့်ပြီး ဆောင်ရွက်ပေး စရာရှိတာတွေကို ဆောင်ရွက်ပေးနေပါတယ်၊ တံတားသစ်ကြီးကို သတ်မှတ် တဲ့ကာလအတွင်း အပြီးတည်ဆောက်သွားနိုင်အောင် တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်”ဟု  ဦးဝေဖြိုးက ပြောသည်။

ဂျိုင်း(ကော့ကရိတ်)တံတားကို ၂၀၁၉ ခုနှစ် မေ ၃ ရက်တွင် စတင်တည် ဆောက်ခဲ့ပြီး ယခု ဂျိုင်း (ကော့ကရိတ်) တံတားသည် ဂျိုင်းမြစ်ပေါ်တွင် တည်ဆောက်သည့် (၃) စင်းမြောက်တံတားဖြစ်ကြောင်း သိရသည်။

ဂျိုင်း (ကော့ကရိတ်) တံတားတည်ဆောက်ပြီးစီးသွားပါက အရှေ့-အနောက် စီးပွား ရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ ဒေသခံပြည်သူများ ၏  လူမှုရေး ၊ စီးပွားရေး၊ ကျန်းမာရေး နှင့် ပညာရေးတို့သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ 
(စောသန်းကျော်)