ရန်ကုန် စက်တင်ဘာ ၂၈

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဌာနသည် ကော်မတီ၏ လုပ်ငန်းတာဝန်များအနက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင် ကျန်းမာရေး၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေသည့် ဌာနဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ပြောကြားသည်။ 

 

ဆက်လက်၍ ယနေ့ဖွင့်လှစ်သော သင်တန်းသည် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အရေးကြီးသော ရောဂါပိုးသယ်ဆောင်သော ပိုးမွှားကောင်များ နှိမ်နင်းခြင်းလုပ်ငန်းတွင်  အဓိကကျသည့် အဆောက်အအုံအတွင်း ကြာရှည်ခံ ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ အသုံးပြုသည့် ပိုးသတ်ဆေးဖျော်စပ်နည်း၊ ဆေးဖျန်းပုံး၊ ဆေးမှုတ်စက်များ နည်းစနစ်မှန်ကန်၍ ထိရောက်မှုရှိစေရန် စနစ်တကျ အသုံးပြုနည်း၊ ထိန်းသိမ်းနည်းတို့ကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုများကို မိမိ၏ အတွေ့အကြုံ၊ ဗဟုသုတများနှင့် ပေါင်းစပ်၍ လက်တွေ့အသုံးချကာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်မှုရှိစေရန်နှင့် ပြည်သူလူထုအတွင်း မှန်ကန်သော အလေ့အကျင့်များ ပေါ်ထွန်းလာစေရေးအတွက် ကျန်းမာရေး အသိပေးခြင်းများ ဆောင်ရွက်ပြီး ပြည်သူလူထုသို့ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်သော ပြည်သူ့ကျန်းမာရေးဌာနအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဖွင့်လှစ်သော ရောဂါပိုးမွှားကောင်များ နှိမ်နင်းခြင်းလုပ်ငန်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ၁၂ ထပ်ခွဲရုံး၊ ဒုတိယထပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ယင်းသို့ ပြောကြားခဲ့ခြင်းသည်။

 

ထို့နောက် မြို့တော်ဝန်သည် သင်တန်းတွင် လက်တွေ့အသုံးပြုမည့် ဆေးဖျန်းပုံး၊ ဆေးမှုတ်စက်နှင့် ပိုးသတ်ဆေးဖျော်စပ်သည့် ဆေးရည်များနှင့် လုပ်ငန်းသုံးစက်ပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ယခုသင်တန်းတွင် ပြည်သူ့ကျန်းမာရေးဌာန၊ ခရိုင်/မြို့နယ်ဌာနခွဲ အသီးသီးမှ ကျန်းမာရေးဝန်ထမ်း သင်တန်းသား/ သင်တန်းသူ (၁၁၃)ဦး ကို စာတွေ့သင်ကြားခြင်း (၁)ရက်နှင့် လက်တွေ့ဆောင်ရွက်ခြင်း (၁)ရက် လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်