တံတားဦး စက်တင်ဘာ ၂၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်ဖြစ်သော (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) တို့အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွားများ အိမ်သွားရောက်ပြီး အဘိုးအဘွားများအား ထောက်ပံ့ပေးစေလိုကြောင်း၊ နိုင်ငံတော်မှ လစဉ်ထောက်ပံ့ပေးနေပြီး တစ်လလျှင်ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် သုံးလစာကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် မိမိတို့ရပ်ကွက်ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွား မကျန်ရှိရေး စနစ်တကျစာရင်းကောက်ယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးစေလိုကြောင်း ပြောကြားပြီး တာဝန်ရှိသူများက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများ ပေးအပ်သည်။
တံတားဦးမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်(၃)ရပ်ကွက် ကျေးရွာအုပ်စု(၆၁)တွင် နိုင်ငံတော်မှ လစဉ်ထောက်ပံ့ပေးနေသည့် လူမှုပင်စင်ခံစားခွင့်ရရှိသော အသက်(၈၅)နှစ်အထက် အသက်ကြီး အဘိုးအဘွား(၉၈၅)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၉၅၅၀၀၀၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဦးရဲတင့်(ပြန်/ဆက်)