ဝန်ကြီးချုပ် ဦးတင့်လွင် တောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ

အထက်မင်းလှ စက်တင်ဘာ ၂၈

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မင်းလှမြို့နယ်မှ မိုးလယ်နေကြာသီးသန့်စိုက်ပျိုးသည့် ဒေသခံတောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက မင်းလှမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

တွေ့ဆုံပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက လုံခြုံရေးဆိုင်ရာများ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က စီးပွားရေးဆိုင်ရာများ၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက သယံဇာတရေးဆိုင်ရာများ၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက လူဦးရေအိမ်ထောင်စုစာရင်း ၆၆/၆နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေး‌နေမှုများအား    ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ရာ   မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှ ဒေသခံတောင်သူ ၉၃ ဦးအား မိုးလယ်နေကြာသီးသန့်စိုက်ပျိုးဧက ၁၄၉ ဧက အတွက် ဓာတ်မြေဩဇာထောက်ပံ့ပေးခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က ဒေသခံတောင်သူအား နှမ်း၊ စပါး၊ နေကြာစိုက်ပျိုးရေးဆိုင်ရာများ၊ ပညာရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)