နေပြည်တော်၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထပ်မံပေါင်းစပ်ကာ လုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး ညှိနှိုင်းကူညီဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များအပေါ် အကောင်းဆုံး အဖြေရှာ ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးလုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မှန်ကန်သော မဲစာရင်းများ ပြုစုပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခြင်းဖြင့် လွတ်လပ်ပြီး တရားမျှတ စစ်မှန်အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်စေရေး အားလုံးက တက်ညီလက်ညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခင်ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားကတ် ရရှိရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ရာ မိုးပွင့်စီမံချက်ဖြင့် လူဦးရေ (၈ ဒသမ ၃) သန်းကျော်၊ သစ္စာစီမံချက်ဖြင့် (၆ ဒသမ ၄) သန်းကျော်ကို နိုင်ငံသား ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ (၁၈) လတာ ကာလ အတွင်း လူဦးရေ (၃ ဒသမ ၄) သန်းကျော်ကို ကိုင်ဆောင်ကတ်ပြား ထုတ်ပေးရန် သတ်မှတ် ဆောင်ရွက်ခဲ့ရာ ယခုအခါ လူဦးရေ (၃ ဒသမ ၃) သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားများ ထုတ်ပေးပြီးဖြစ်ပြီး လုံခြုံရေးအခြေအနေအရ မြို့နယ်အနည်းငယ်သာ ဆောင်ရွက်ပေးရန် ကျန်ရှိနေခြင်းဖြစ်ပါကြောင်း။
ယခုထပ်မံ၍ အသက်ပြည့်လာမည့်သူများနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိနေခြင်း မရှိစေရေးရည်ရွယ်၍ ကောက်သင်းကောက်စနစ်ဖြင့် နိုင်ငံသားကတ် ထုတ်ပေးခြင်း လုပ်ငန်းကို ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဌာနမှ ယခုကဲ့သို့ဆောင်ရွက်ပေးနေသကဲ့သို့ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက်လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ပန်းခင်း စီမံချက် အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသန်းစိုးနှင့် ဦးမြင့်ဦးတို့က ကော်မရှင်အနေဖြင့် မဲစာရင်း မှန်ကန်ရေးအတွက် နယ်မြေဒေသအလိုက် မြေပြင်တိုက်ဆိုင် စစ်ဆေးဆောင်ရွက်မှုနှင့် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူး ဦးအောင်မြင့်က ရှမ်းပြည်နယ်အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်မှုနှင့် မဲစာရင်း မှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူထားရှိမှုနှင့် မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်ရေး အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဦးစီးဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ဒေသအလိုက် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်