ပြည်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကျေလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၁

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့်အတူ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပ ပြုလုပ်သော လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း(၈/၂၀၂၂) ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းတက်ရောက်နေသည့် ဆရာ/ ဆရာမများအတွက် စားစရိတ် ကျပ်သိန်း(၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကာ သင်တန်းသား ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ သဘာဝဓာတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံသို့ သွားရောက်ခဲ့ပြီး (၉ ဒသမ ၈)မဂ္ဂါဝပ် ထွက်ရှိသော သဘာဝဓါတ်ငွေ့သုံး  လျှပ်စစ်ဓါတ်အားပေး Engine (၄)လုံး ထပ်မံတပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ၎င်းနောက် ရွှေတောင်မြို့နယ်၊ ရွှေတောင်-ရွှေနတ်တောင်လမ်း၌ ပျက်စီးနေသည့် လမ်းအရှည် (၁)မိုင်(၄)ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကတ္တရာလမ်းပေါ် ရေတင်ခြင်း၊ ရေကျော်ခြင်းမရှိစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ကုန်း-မဟာသိုက်ကုန်း ကျေးလက်ကုန်ထုတ်လမ်း (၁)မိုင် (၄.၁၂)ဖာလုံ မြေနီလမ်းခင်းနေမှုနှင့် သံကူကွန်ကရစ် တံတားတည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသနှင့်ကိုက်ညီပြီး သက်တမ်းတို အထွက်စပါး စိုက်ပျိုးနိုင်ရေး၊ (၂)သီး (၃)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာ၊ မျိုးစပါးရရှိရေးနှင့် စိုက်ပျိုးရေရရှိရေးတို့အား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် ရေချဉ်တောင်မှ ရေမြောင်းစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ကြို့ကုန်းကျေးရွာအတွင်း ဆိုလာစနစ်ဖြင့် ရေပေးဝေရေး ဆောင်ရွက်မှု အခြေအနေတို့အား ကြည်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ဂန္ဓမာစက်မှုဇုန်သို့ သွားရောက်၍ စက်မှုဇုန်အတွင်း ကျူးကျော်မရှိစေရေးနှင့် မြေလပ်မရှိ စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း၌ ပညာသင်ကြားနေသော သင်တန်းသား/သူများနှင့် သွားရောက်တွေ့ဆုံ အမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလအတွင်း စားစရိတ်အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေကျပ် (၂၁၅၀၀၀ဝ)နှင့် သီးခြားထောက်ပံ့ငွေကျပ် (၁၀)သိန်းတို့အား ထောက်ပံ့ပေး အပ်ခဲ့ကာ သင်တန်းသား/သူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး ကျောင်းဆောင်များ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ဝင်္ဂဘာတောရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကိုဗစ်ရောဂါ(၁၉)ရောဂါ ကာကွယ်ဆေး ဒုတိယအကြမ် ထပ်ဆောင်း Booster ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ဝင်္ဂဘာတောရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့် ဇောတိကာရုံ ကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်တို့အား သွားရောက်ကြည်ညိုဖူးမြော် ကန်တော့ခဲ့ကာ နဝကမ္မအလှူတော်ငွေများ ဆက်လက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကိုတွတ်(ပြန်/ဆက်)