နေပြည်တော် အောက်တိုဘာ ၂

 

နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဒေသအလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါကြောင်း၊ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လိုသည့် တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း မိမိတို့၏ စူးစမ်းတိုင်းတာရေး အဖွဲ့များစေလွှတ်ကာ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် က ပြောကြားသည်။

 

ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာ/ လျှပ်စစ်အင်ဂျင်နီယာများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ယခုအချိန်တွင်လည်း မိမိတို့၏ တမံများတွင် ရေပြည့်ရေလျှံမှုများ ရှိလာပြီဖြစ်၍ ရေများကို လာမည့်နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အကျိုးရှိစွာ ထိန်းသိမ်းမောင်းနှင်သွားကြရန်လိုအပ်ကြောင်း၊ ဝန်အားပြည့်နေသော ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် မရှိစေရေး အကျိုးရှိစွာ အသုံးချသွားရန် လိုအပ်ကြောင်း သုံးစွဲခဲ့သည့် ဓာတ်အားခ ကျသင့်ငွေများကို ရာနှုန်းပြည့် အပြည့်အဝ ကောက်ခံရရှိစေရေးကိုလည်း ခရိုင်/ မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေး တာဝန်ခံများမှ အောက်ခြေအထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း လုံခြုံရေး ပြည့်ပြည့်ဝဝဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယခုအခါ ပြည်သူတို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တတ်နိုင်သမျှ ဝန်အားလျှော့ချခြင်း မပြုဘဲ ပြည့်မီအောင် ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အမှုဆောင် အရာရှိချုပ်တို့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ ဓာတ်အားခကြွေးကျန်များ ကောက်ခံရရှိမှုနှင့် ကျန်ရှိနေသည့် ဓာတ်အားခ ကြွေးကျန်များကို ရာနှုန်းပြည့် ကောက်ခံရရှိရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်