နေပြည်တော် အောက်တိုဘာ ၂

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ (၇) ထပ်ဆောင်ကို စီမံကိန်းတန်ဖိုး ငွေကျပ် (၂၁၈၉၇ ဒသမ ၉၈၂) သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ (၇) ထပ်ဆောင်တွင် ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ ဆေးကုသမှု လူနာဆောင်များနှင့် စာသင်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုးချဲ့ (၇) ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆေးကုသရေးလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ (၇) ထပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ အဆောက်အဦ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သန်းက တည်ဆောက်ရေး အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ဆေးရုံအုပ်ကြီးနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများက မိမိတို့ဆေးကုသဆောင်အလိုက် ပါဝင်သင့်သည့် အခန်းဖွဲ့စည်းပုံများ ကျန်ခဲ့ခြင်း မရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ (၇)ထပ်ဆောင်ဖြစ်သည့်အလျောက် လူနာ၊ ကျန်းမာရေးဝန်ထမ်း၊ အဆောက်အဦ လုံခြုံရေးအတွက် လိုအပ်သော ကာကွယ်ရေးပစ္စည်းများ ပါဝင်တပ်ဆင် ဖွဲ့စည်းထားရှိရန်၊ မသန်စွမ်း လူနာများအတွက် ထည့်သွင်းစီစဉ် ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လုပ်ငန်းခွင်အတွင်းသို့ သွားရောက်ကာ လူနာခန်းများ ဖွဲ့စည်းနေမှု၊ ရေပိုက်လိုင်းနှင့် လျှပ်စစ်မီးသွယ်တန်းနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အဆောက်အဦ ကြံခိုင်မှုရှိစေရေး၊ စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် လေဝင်လေထွက် ကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းများ ဖြစ်သည့် SPECT/CT၊ PET CT နှင့် Cyclotron စက်လုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ဆေးကုဌာနတွင် အိန္ဒိယသမ္မတနိုင်ငံ အစိုးရမှလှူဒါန်းထားရှိသော Bhabhatron II Cobalt စက်တပ်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကင်ဆာရောဂါ လူနာများအနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူရန် စောင့်ဆိုင်းရသည့် အချိန်လျှော့ချပေးနိုင်ရေးအတွက် Bhabhatron စက် အမြန်ဆုံးတပ်ဆင် ပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ပေးကြရန်၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် Linear Accelerator စက်နှစ်လုံး၏ လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးခြင်း မရှိစေရေး စက်ပစ္စည်းကြံ့ခိုင်မှုအတွက် အလေးထား ဆောင်ရွက်ပေးကြရန်၊ ဆေးကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်ရေး ဆောင်ရွက်ကြရန်နှင့် လူနာများ အားကိုးအားထားရသည့် ပြည်သူ့ဆေးရုံကြီးအဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက် ပေးကြရန် မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကင်ဆာရောဂါလူနာများအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုကို အပတ်စဉ် လူနာ (၁၀၀၀) ခန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်