နေပြည်တော်၊ အောက်တိုဘာ ၃

 

မြို့ပြဒေသရှိ နေအိမ်များ၊ ဟိုတယ်များ၊ စျေးဝယ်စင်တာများ၊ ကားပါကင်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည်တို့၏ အမိုးများပေါ်၌ နေရောင်ခြည်စွမ်းအင်သုံး Rooftop Solar Photovoltaic (PV) System များ တပ်ဆင်အသုံးပြုခြင်းဖြင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေခြင်း၊ Solar System အတွက် မြေနေရာ ပေးရန်မလိုအပ်ဘဲ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ခြင်း၊ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ တည်ဆောက်ချိန်နှင့် ကုန်ကျစရိတ်နည်းပါးခြင်း၊ တပ်ဆင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုလွယ်ကူခြင်း၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေခြင်း အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

 

အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်များကို စစ်ဆေးစဉ် ဌာနဆိုင်ရာ အရာရှိများ၊ ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများအား ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Park Royal ဟိုတယ်တွင် တပ်ဆင်အသုံးပြုလျက်ရှိသည့် ဝပ်အား ၃၈၀ Monocrystalline Silicon ဆိုလာမော်ကျူး ၄၉၀၊ ၁၀၀ ကီလိုဝပ် အင်ဗာတာ ၃ ခုတို့ဖြင့် တပ်ဆင်စွမ်းအား ၃၅၇ ကီလိုဝပ်ရှိသည့် Ground-mounted Solar PV System နှင့် နေပြည်တော် Junction Center ရှိ ဝပ်အား ၃၈၀ Monocrystalline Silicon ဆိုလာမော်ကျူး ၁၆၀၀ နှင့် ၁၀၀ ကီလိုဝပ် အင်ဗာတာ ၅ ခုတို့ဖြင့် တပ်ဆင်စွမ်းအား ကီလိုဝပ် ၆၈၀ ရှိသည့် Rooftop Solar PV System ကို စစ်ဆေးကြည့်ရှုပြီး ဒုတိယဝန်ကြီးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်ပေးသော စီမံကိန်းများ အကောင်အထည်ဖော် တည်ဆောက်၍ နိုင်ငံတော်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် မင်းဘူး(မဂ္ဂါဝပ် ၄၀) နှင့် သပြေဝ (မဂ္ဂါဝပ် ၃၀) ဓာတ်အားပေးစက်ရုံများမှ နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်လျက်ရှိကြောင်း၊ ယခင်က ကျေးလက်ဒေသတွင်သာ ဆိုလာစနစ်များ တပ်ဆင်အသုံးပြုခဲ့ကြရာမှ ယခုအခါ မြို့ပြဒေသတွင်ပါ ယင်းစနစ်များ တပ်ဆင်အသုံးပြု လာပြီဖြစ်ကြောင်း၊ ယင်းသို့ အသုံးပြုသည့်အတွက် အကျိုးကျေးဇူးများစွာရရှိကြောင်း၊ ဆိုလာစနစ်များအတွက် Performance Monitoring နှင့် Cleaning များသည်လည်း အရေးကြီးပါကြောင်း၊ Power Quality ကောင်းမွန်ရန်လိုအပ်ကြောင်း၊ တည်ဆဲလျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာဆိုင်ရာ အရည်အသွေးသတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

 

သတင်းစဉ်