စစ်တွေ အောက်တိုဘာ ၃

 

မျက်မှောက်ကာလတွင် IT နည်းပညာသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လူမှုဘဝ မြှင့်တင်ရေး၊ နိုင်ငံတော်ကာကွယ်ရေးစသည့် အနာဂတ်စီမံကိန်းများ အပါအဝင် ကိစ္စရပ်တိုင်းတွင် လျင်မြန်လွယ်ကူစေရန်အတွက် မရှိမဖြစ်အရေးပါသည့် ပညာရပ်ဖြစ်လာကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူငယ်တိုင်း အခြေခံကွန်ပျူတာ ပညာရပ်ကို သင်ယူတတ်မြောက်ထားကြရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြောကြားလိုက်သည်။

 

ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က တိုင်းရင်းသားလူငယ်များ ကွန်ပျူတာသင်ကြားနိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် ၈၃၅၀၀၀၀ ကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက မှတ်စုစာအုပ်နှင့် စာရေး ကိရိယာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

အဆိုပါသင်တန်းကို တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှ တိုင်းရင်းသား၊ တိုင်းရင်းသူ အယောက် ၄၀  တက်ရောက်ကြမည်ဖြစ်ကာ စာတွေ့လက်တွေ့ တစ်လကြာသင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် အစိုးရနည်းပညာ အထက်တန်းကျောင်း(စစ်တွေ) ၌ ကျင်းပသည့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ ဒေသနှင့် ကိုက်ညီသော သက်မွေးပညာ အကြိုသင်တန်းများ၊ သက်မွေးပညာ သင်တန်းများကို ထပ်မံဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်ပြီး ဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင်မြင်စေလာရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ယခုကဲ့သို့ လူမှုစီးပွားဘဝ အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသားများ၏ ကွန်ပျူတာသင်ကြားနေမှု အခြေအနေကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

 

အဆိုပါ သင်တန်းကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (စစ်တွေ) တို့ ပူးပေါင်း၍း ရခိုင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ကြကာ အစိုးရနည်းပညာ အထက်တန်းကျောင်း (စစ်တွေ) မှ ဆရာ၊ ဆရာမ များက အောက်တိုဘာ ၃ ရက်မှ ၃၁ ရက်ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်