ကျွန်းလှ အောက်တိုဘာ ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပစားသုံးဆီတင်သွင်းမှု လျှော့ချရန်အတွက် လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းမြေပဲ ၆၅၅၁ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကျမတို့ ကျွန်းလှမြို့နယ်မှာ မြေပဲကို မိုးမြေပဲနဲ့ ဆောင်းမြေပဲ ဒေသအခေါ် (စကပဲ) တို့စိုက်ပျိုးကြပါတယ်။ မိုးမြေပဲကိုတော့ ဆောင်းမြေပဲ အတွက် မျိုးအဖြစ်အဓိကထား စိုက်ပျိုးကြတာပါ။ အခုနှစ် ဆောင်းမြေပဲ ၆၅၅၁ ဧက စိုက်ပျိုးရန်လျာထားပါတယ် ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

 

ဆောင်းမြေပဲ စိုက်ပျိုးမည့်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲနည်းတို့ကို အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် နှမ်း ၁၄၀၃၁ ဧက၊ မြေပဲ ၆၅၅၁ ဧက၊ ပန်းနှမ်း ၅၃၁၀ ဧက၊ နေကြာ ၅၂၁ ဧက၊ မုံ့ညှင်း ၂၇၇ ဧက စိုက်ပျိုးရန်လျားကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာန စာရင်းများအရ သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)