နေပြည်တော် အောက်တိုဘာ ၅
မြန်မာ့ကော်ဖီသည် ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် အထူးတန်းဝင်ကော်ဖီ (Myanmar Speciality Coffee) အဖြစ် နေရာတစ်ခု အခိုင်အမာရရှိထားပြီး ဥရောပ၊ အမေရိကနှင့် ဂျပန်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့ တင်ပို့လျက်ရှိရာ ဈေးကောင်းရရှိနေသည်မှာ (၈)နှစ်ကျော်ခန့် ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အရည်အသွေးကောင်း ကုန်းမြင့်ကော်ဖီနှင့် မြေပြန့်ကော်ဖီမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်သည့် ရေမြေရာသီဥတုအခြေခံကောင်းသော ဒေသများစွာရှိနေရာ ကော်ဖီအဓိက တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက မြန်မာနိုင်ငံကော်ဖီအသင်း(MCA)နှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကများ၊ ကော်ဖီတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော်ဖီသီးမှည့်ကို စတင်ဆွတ်ခူးသည်မှ သောက်သုံးသည့်အဆင့်အထိ လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ကော်ဖီအရည်အသွေးကောင်းမွန်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းများရှိသကဲ့သို့ ကော်ဖီဆံအရည်အသွေး စစ်ဆေးခြင်းနှင့် ကော်ဖီသောက်သုံးမှု အရည်အသွေး စမ်းသပ်အကဲဖြတ်ခြင်းသည်လည်း အရေးကြီးသော နည်းပညာရပ်တစ်ခုအဖြစ် ပါဝင်လျက်ရှိရာ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်လိုသူများ Coffee Crop to Cup အသိပညာ ဗဟုသုတများရရှိစေရန် ကော်ဖီဆံ အရည်အသွေးစစ်ဆေးခြင်းနှင့် ကော်ဖီသောက်သုံးမှု အရည်အသွေး စမ်းသပ်အကဲဖြတ်ခြင်း နည်းပညာဆိုင်ရာ အခြေခံသင်တန်းကို မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (ပွေးတောင်)ရှိ မြန်မာနိုင်ငံကော်ဖီအသင်း၏ ကော်ဖီဆိုင်ရာအသိပညာပေးစင်တာ (Coffee Knowledge Center)၌ အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ (၂)ရက်သင်တန်းဖွင့်လှစ်လျက်ရှိသည်။
အဆိုပါသင်တန်းဖြစ်မြောက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ မြန်မာနိုင်ငံ ကော်ဖီအသင်း (MCA) နှင့် မန္တလေးကော်ဖီအုပ်စု(MCG)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ကော်ဖီကောင်းတစ်ခွက် ရရှိနိုင်ရန် ကော်ဖီသီးမှည့်ကို စတင်ဆွတ်ခူးသည်မှ ကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးနှင့် သိုလှောင်ထိန်းသိမ်းခြင်း၊ ကော်ဖီလှော်ခြင်း၊ အမှုန့်ကြိတ်ခြင်း၊ ကော်ဖီဖျော်စပ်ခြင်းမှ သောက်သုံးသည့်အဆင့်ထိ အဆင့်တိုင်း၏ အရေးပါမှုတို့ကို သက်ဆိုင်ရာပညာရှင်များက ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား သင်တန်းသူ(၁၀)ဦးတို့ တက်ရောက်လေ့လာလျက်ရှိပြီး ကော်ဖီဆံ အရည်အသွေးစစ်ဆေးခြင်းနှင့် ကော်ဖီသောက်သုံးမှု အရည်အသွေး စမ်းသပ်အကဲဖြတ်ခြင်း နည်းပညာဆိုင်ရာ အခြေခံသင်တန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကော်ဖီအသင်း(MCA)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်