တွံတေး အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၊ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ တွံတေးတူးမြောင်း၊ အသားလွတ်နယ်မြေဖြစ်သော ဗောင်းတော်ချုပ်စေတီ၊ လက်မှုပညာ အိုးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများ၊ အထင်ကရနေရာများသို့ လေ့လာနိုင်ရန် (၂)နှစ်ကျော် ရပ်နားထားသော YANGON WATER BUS တွံတေးခရီးစဉ်ကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ပြန်လည်ပြေးဆွဲခဲ့ရာ တွံတေးဆိပ်ခံဘောတံတားသို့ ဆိုက်ကပ်ခဲ့ကြောင်းသိရသည်။
တွံတေးခရီးစဉ်ကို ရန်ကုန်လမ်းသစ်ဆိပ်ကမ်းမှ နံနက် ၇ နာရီတွင် စတင်ထွတ်ခွာခြင်းဖြစ်ပြီး
တစ်နာရီခန့်အကြာတွင် တွံတေးမြို့သို့ ဆိုက်ရောက်ကြောင်၊ တွံတေးဆိပ်ကမ်းမှတစ်ဆင့် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီ၊ အသားလွတ်နယ်မြေဖြစ်သော ဗောင်းတော်ချုပ်စေတီ၊ မြွေဘုရား၊ ကျိုက်ဖူး၊ ကျိုက်ပါစေတီ၊ မြန်မာ့လက်မှုပညာလုပ်ငန်းဖြစ်သော အိုးလုပ်ငန်းနှင့် ရှမ်းလေးရွာ၏ ရိုးရာရက်ကန်းများ စသည့် အထင်ကရနေရာများကို လည်ပတ်သည့် နေ့ချင်းပြန်ခရီး ဖြစ်ကြောင်းသိရသည်။
YANGON WATER BUS ကို (၂)နှစ်ကျော်ကြာ ရပ်နားထားရာမှ အောက်တိုဘာ ၆ ရက်မှစတင်ကာ ရန်ကုန်မြစ်အတွင်း ပြန်လည်ပြေးဆွဲခဲ့သည်။ တွံတေးခရီးစဉ်ကို လူတစ်ဦးလျှင် ငွေကျပ် ၁၈၀၀၀ ဖြင့် အပတ်စဉ် အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် ဒေသန္တရ ဗဟုသုတရရှိစေရေး နေ့ချင်းပြန်ခရီး ပြေးဆွဲခြင်းဖြစ်ကြောင်း သိရှိရသည်။
တွံတေးသား