မုံရွာ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်၊ ပုညရှင် သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေပေးအပ်ပွဲကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်၊ ခေမာသီဝံကျောင်းတိုက်၊ နိုင်ငံတော်သြဝါဒါစရိယ မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရီထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သယံဇာတရေးရာ ဝန်ကြီးတို့က ဆွမ်းဦးပုညရှင် ဂေါပကအဖွဲ့ထံ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် သိန်း ၅၀၀ ကိုလည်းကောင်း၊ အလှူရှင်များက တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် တည်ဆောက်ရေးကော်မတီထံ အလှူငွေများကို လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး ပုညရှင်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက စုစုပေါင်းလှူဒါန်းငွေ ကျပ် ၃၅၄၄၄၀၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက် ရင်ပြင်တော်ပေါ်တွင် တည်ဆောက်မည့် အလျား ၁၀၈ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)