ဘားအံ အောက်တိုဘာ ၈
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့် ပြိုင်ပွဲဝင် ကရင်ပြည်နယ်ကိုယ်စားပြုအသင်းအား ထောက်ပံ့ချီးမြှင့်ခြင်းနှင့်အောင်နိုင်ရေး အလံပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး အခြေခံ ပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့် အမျိုးသား/အမျိုးသမီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်၊ အမျိုးဂုဏ်ဇာတိဂုဏ် တေးသီချင်းများ၊ တစ်ဦးချင်းအကများ၊ ကဗျာလွတ်အက၊ မွန်ယိမ်းအက၊ ကရင်ရိုးရာ ဒုံးအကတို့ဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစန်းကိုထံ အောင်နိုင်ရေးအလံပေးအပ်ကာ ပြိုင်ပွဲဝင်များအား ထောက်ပံ့ ငွေကျပ် ၅၇ သိန်းကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကရင်ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်