ဗညားဦး

ကရင်ပြည်နယ်သည် ဒေါနတောင်တန်းကြီးနှင့်အတူ ထူးခြားဆန်းပြားသည့်ဂူများ၊ မြက်ခင်းစိမ်းများ၊ ထုံးကျောက်တောင်များ စသည့် သဘာဝရေမြေ အလှအပများကို ပိုင်ဆိုင်ထားသည်။ ထိုကဲ့သို့ သဘာဝကျကျလှပသည့် ရေမြေတောတောင်၊ အေးချမ်းသည့် ရာသီဥတုကို ပိုင်ဆိုင်ထားသည့်အတွက် ပြည်တွင်းပြည်ပ ခရီးသွားလည်ပတ်မှုများသော ခရီးသွားပြည်နယ်တစ်ခုလည်းဖြစ်သည်။ 

ထို့ပြင် ပြည်နယ်အတွင်း ရော်ဘာ၊ ကျွဲကောသီး၊ မင်းကွတ်သီး၊ ဒူးရင်းသီး၊ ကြက်မောက်သီး၊ စပါး၊ မြေပဲ၊ ပြောင်း၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ ကော်ဖီ၊ ပဲတီစိမ်း၊ နှမ်း စသည်ဖြင့် ထွက်ကုန် အမယ်မျိုးစုံလည်း စိုက်ပျိုးထွက်ရှိသည်။ သို့ဖြစ်၍ ပြည်နယ်အတွင်း ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုအဆင်ပြေစွာ လာရောက်လည်ပတ်နိုင်ရန်၊ ပြည်နယ်၏ စိုက်ပျိုးရေးထွက်ကုန်များ ပြည်တွင်းပြည်ပသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်ရန် ပြည်နယ် အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားတိုးတက်ရေးကို များစွာအထောက်အကူ ပြုလျက်ရှိသည့်အတွက် အခြေခံလမ်းကွန်ရက်များ ကောင်းမွန်ရေးကို ပြည်နယ်လမ်းဦးစီးဌာနအနေဖြင့် အားစိုက်အကောင်အထည်ဖော်လျက်ရှိသည်။

လမ်းနှင့်တံတားလုပ်ငန်းများ

ကရင်ပြည်နယ်အတွင်း ပြည်နယ်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော ပြည်ထောင်စု လမ်း ၁၄ လမ်း၊ ပြည်နယ်အစိုးရက စီမံခန့်ခွဲသည့် လမ်း ၃၃ လမ်း စုစုပေါင်းလမ်း ၄၇ လမ်းရှိပြီး လမ်းမိုင် အားဖြင့် ၁၂၈၂ မိုင်ကျော် ရှိသည်။ လမ်းအမျိုးအစား များအနေဖြင့် အေစီလမ်း ၁၇၂ မိုင် ၂ ဖာလုံ ပေ ၄၂၀၊ ကတ္တရာလမ်း ၆၂၁ မိုင် ၂ ဖာလုံ ၃၂၈ ပေ၊ ကွန်ကရစ်လမ်း ၁၅၂ မိုင် ၄၅၃ ပေ၊ ကျောက်လမ်း ၇ မိုင် ၁ ဖာလုံ ၆၆ ပေ၊ အမာခံလမ်း ၃၉ မိုင် ၂ ဖာလုံ ၆၆ ပေ၊ မြေလမ်း မိုင် ၂၉၀ ကျော်ဖြစ် သည်။ တံတားများအနေဖြင့် ပေ ၁၈၀ အထက် တံတား ၄၃ စင်း၊ ပေ ၁၈၀ အောက်တံတား ၃၀၇၁ စင်း စုစုပေါင်းတံတား ၃၁၁၄ စင်းကို တာဝန်ယူ ထိန်းသိမ်းလျက်ရှိကြောင်း ပြည်နယ်လမ်းဦးစီးဌာနမှ သိရသည်။ 

“ပြည်နယ်ထဲမှာ ကျွန်တော်တို့ လမ်းဦးစီးဌာနအနေနဲ့ တာဝန်ယူထားတဲ့ လမ်းမိုင်က ၁၂၈၂ မိုင်ရှိတယ်ဆိုပေမယ့် ဒီလမ်းမိုင်တွေထဲက ၂၆၅ မိုင်လောက်က လုံခြုံရေးအခြေအနေအရ လက်ရှိမှာ မဆောင်ရွက်နိုင်သေးပါဘူး။ ဒါပေမယ့် ကျန်တဲ့လမ်းပိုင်းတွေ အားလုံးကိုတော့ ရာသီမရွေး သွားလာနိုင်သော ကတ္တရာကွန်ကရစ်(အေစီ)၊ ကွန်ကရစ်၊ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်နိုင် ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၉၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်” ဟု ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုက ပြောကြားသည်။

လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ

ပြည်နယ်လမ်းဦးစီးဌာနသည် ပြည်နယ်အတွင်းရှိ လမ်းပိုင်းတိုးတက်ကောင်းမွန်ရေး ရည်ရွယ် ကြိုးပမ်းရာတွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု/ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ကတ္တရာကွန်ကရစ် (အေစီ) လမ်း ၄ ဒသမ ၂၀၇ မိုင်၊ ကွန်ကရစ်လမ်းခင်းခြင်း ၄ ဒသမ ၇၈၃ မိုင်၊ ကတ္တရာ လမ်းချဲ့ခြင်း ၂၀ ဒသမ ၂၂၆ မိုင်၊ ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်း ၄ ဒသမ ၂၆၇ မိုင်၊ ကတ္တရာလမ်းသစ် ခင်းခြင်း ၄ ဒသမ ၃၁၆ မိုင်၊ ကျောက်လမ်းခင်းခြင်း ၁ ဒသမ ၈ မိုင်၊ အမာခံလမ်းခင်းခြင်း ၄ ဒသမ ၇၈၄ မိုင်၊ မြေသားတာပေါင်တင်ခြင်း ၂၀ ဒသမ ၆၉၉ မိုင်၊ ပေ ၅၀ အောက်တံတား ၁၇ စင်း၊ ပေ ၅၀ အထက်တံတား ကိုးစင်း၊ Box Culvert အစင်း ၄၀၊ တံတားချဉ်းကပ်လမ်း ကိုးစင်းတည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်း၊ မြေထိန်းနံရံ၊ မြေကာ နံရံများ ၃၉၁၆၂ ပေ ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ နိုင်လွန်ကတ္တရာလမ်း၊ ကွန်ကရစ် လမ်းအဆင့်သို့ ရောက်ရှိစေရန် လမ်းဦးစီးဌာနအနေဖြင့် ရည်ရွယ်အကောင်အထည်ဖော်သွား မည်ဖြစ်သည်။ 

ဘားအံမြို့ရှောင်လမ်း

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်ခြင်းသည် တစ်ခု အပါအဝင် ဖြစ်သည်။ မြို့ရှောင်လမ်းကို ကရင်ပြည်နယ် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် သံလွင်တံတားလမ်းဆုံ (ဘားအံတြိဂံလမ်းဆုံ)မှ စတင်ဖောက်လုပ်ထားခြင်းဖြစ်ပြီး ဘားအံ-ကြာအင်းလမ်း၏ လမ်းဆုံဖြစ်သော ကမော့ကစင်ရွာ ကိုဖြတ်၍ လှာကဒေါင်ရွာရှိ ဘားအံ(တြိဂံလမ်းဆုံ)-ရွှေရင်မျှော်-နောင်လုံလမ်းဆုံလမ်းနှင့် ပေါင်းဆုံသွားမည်ဖြစ်ကာ ယင်းမှတစ်ဆင့် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် ပေါင်းဆုံသွား မည်ဖြစ်သည်။ 

“လှိုင်းဘွဲမြို့၊ ကော့ကရိတ်မြို့နဲ့ မြဝတီ အစရှိတဲ့ မြို့တွေကို သွားရောက်မယ့် ကုန်တင်ယာဉ် တွေဟာ သံလွင်တံတား သုံးမြှောင့်လမ်းဆုံကနေ သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းအတိုင်း သွားရပြီးတော့ နောင်လုံလမ်းဆုံကနေ ဘားအံမြို့တွင်း (လှိုင်းဘွဲလမ်းဆုံမီးပွိုင့်)ကို ကွေ့ပတ်သွားလာရတာကြောင့် ခရီးကြန့်ကြာမှုရှိတာပေါ့။ ဒီလမ်းပြီးသွားရင် ခရီးလမ်းကြောင်းတိုတိုနဲ့ သွားနိုင်မှာဖြစ်သလို ယာဉ်ကြောကျပ်တာ၊ ခရီး ကြန့်ကြာတာတွေမရှိဘဲ ကျွန်တော်တို့လို လမ်းအသုံးပြုသူတွေ ပိုအဆင်ပြေလာမှာ ဖြစ်ပါတယ်”ဟု ဒေသခံ ဦးအောင်မင်းစိုး က ပြောသည်။ 

ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်ပြီးစီးပါက လှိုင်းဘွဲမြို့သို့သွားမည့် ကုန်တင်ယာဉ်ကြီးများ သည် မူလထက် ခရီးလမ်း ၁၈ ဒသမ ၆ ကီလိုမီတာကျော် ပိုမိုတိုတောင်းသွားမည်ဖြစ်သလို ဘားအံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်မည်ဖြစ်ပြီး လှာကမြင်၊ တောင်ကလေး၊ လှိုင်းဘွဲ အစရှိသည့် မြို့ရွာများမှ ပြည်သူများအနေဖြင့် ဘားအံမြို့တွင်းသို့ ဖြတ်သန်းရန် မလိုအပ်တော့ဘဲ ဘားအံ မြို့ရှောင်လမ်းမှတစ်ဆင့် အချိန်တိုအတွင်း သံလွင်တံတားသို့ သွားလာနိုင်မည်ဖြစ်သည်။

ပြည်နယ်လမ်းဦးစီးဌာနသည် ဘားအံမြို့ရှောင် လမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလတွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်ကုန် တွင် ဘားအံမြို့ရှောင်လမ်း အရှည် ၆ ဒသမ ၄ ကီလိုမီတာကို ၂၄ ပေအကျယ် ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းအဖြစ် ဒေသခံပြည်သူများ အသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းပြသည်။

သိမ်တော်ကြီး - ကမော့ကစင်လမ်း

အသစ်ဖောက်လုပ်လျက်ရှိသော ဘားအံမြို့ ရှောင်လမ်းနှင့် ဘားအံ- ကြာအင်းလမ်းသို့ ချိတ်ဆက် ပေးသော သိမ်တော်ကြီး - ကမော့ကစင်လမ်း အဆင့်မြှင့်တင်ခြင်းကိုလည်း ကရင်ပြည်နယ် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။ သိမ်တော်ကြီး - ကမော့ကစင်လမ်းသည် လမ်းအရှည် ၃ ဒသမ ၀၄၁ ကီလိုမီတာ ရှည်လျားပြီး ကြာအင်းတောင်ခြေအတိုင်း ဖောက်လုပ်ထားခြင်းဖြစ်သည်။

လမ်းဦးစီးဌာနသည် သိမ်တော်ကြီး- ကမော့ ကစင်လမ်း အဆင့်မြှင့်တင်မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ်တွင် လမ်းပိုင်း ၃ ဒသမ ၀၄၁ ကီလိုမီတာ တစ်ကြောင်းထိုးလုပ်ငန်းနှင့် ရေမြောင်း တူးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တစ်ကြောင်းထိုးလုပ်ငန်း ဆောင်ရွက်ထားသည့် ၃ ဒသမ ၀၄၁ ကီလိုမီတာ၌မြေသားတာပေါင်တင်ခြင်းလုပ်ငန်းနှင့် Box Culvert ငါးစင်းတည်ဆောက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

သိမ်တော်ကြီး - ကမော့ကစင်လမ်း အဆင့်မြှင့် တင်မှုဆောင်ရွက်ပြီးစီးပါက ဘားအံမြို့ရှောင်လမ်းမှ ကြာအင်းတောင်ခြေလမ်းဆုံသို့ သွားလာရာတွင် ယခင်ရှိပြီးသော ဘားအံ - ကြာအင်းလမ်းမှသော် လည်းကောင်း၊ သိမ်တော်ကြီး- ကမော့ကစင်လမ်းမှ သော်လည်းကောင်း ခရီးလမ်းနှစ်သွယ်ဖြင့် သွား လာနိုင်မည်ဖြစ်သည်။ သိမ်တော်ကြီး - ကမော့ ကစင်လမ်းသည် ဘားအံ - ကြာအင်းလမ်းနှင့် အပြိုင်တည်ရှိသော်လည်း ယင်းလမ်း အသုံးပြုပါက ကြာအင်းမီးပွိုင့်ကို ဖြတ်သန်းစရာမလိုသည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုကိုလည်း လျော့ကျစေမည်ဖြစ်သည်။ 

ဘားအံ - ကြာအင်းလမ်း 

ပြည်နယ်အတွင်းရှိ ဘားအံ- ကြာအင်းလမ်းသည် ပြည်နယ်လူမှုစီးပွားတိုးတက်ရေးအတွက် အရေးပါသည့် လမ်းပိုင်းတစ်ခုဖြစ်သည်။ ဘားအံ- ကြာအင်းလမ်းသည် ဘားအံမြို့တွင်းရှိ ကြာအင်း လမ်းဆုံမီးပွိုင့်မှစတင်၍ ကမော့ကစင်ရွာ၌ဘားအံမြို့ရှောင်လမ်းနှင့် ဆက်စပ်ပြီး ဘားအံမြို့ရှိ ဟိုတယ်ဇုန်ကိုဖြတ်၍ ဇွဲကပင်တောင်ခြေ၌ အဆုံးသတ်ကာ သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီအာရှ လမ်းမကြီးနှင့် ဆက်သွယ်ပေးထားသော လမ်းပိုင်းဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

“ဒီလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကို ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်မှာ လုပ်ငန်းတွေ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်နေပြီးတော့ လုပ်ငန်းအားလုံး ပြီးသွားရင်တော့ ဘားအံ-ကြာအင်းလမ်း ဘားအံမြို့ ကြာအင်းမီးပွိုင့်ကနေ ဇွဲကပင်တောင်ခြေအထိ ကတ္တရာကွန်ကရစ်လမ်းအဖြစ် ဒေသခံပြည်သူတွေ အဆင်ပြေပြေအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။
ဘားအံ- ကြာအင်းလမ်းနှင့် ချိတ်ဆက်ထားသည့် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းမ ကြီးသည် လမ်းအဆင့်အတန်း သတ်မှတ်ချက်အနေဖြင့် Road Numbering System အရ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းမကြီး National Highway- NH 6၊ ASEAN Highway- AH 1 အဆင့်ရှိကြောင်း လမ်းဦးစီးဌာနမှ သိရသည်။ 

သထုံ - ဘားအံ - ကော့ကရိတ် - မြဝတီလမ်း

နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းသည် တမူး-မန္တလေး-မိတ္ထီလာ-ရန်ကုန်-ပဲခူး(ဘုရားကြီး)-သထုံ-မြဝတီလမ်းနှင့် ဆက်စပ်ပြီး မြဝတီနယ်စပ် မြို့မှတစ်ဆင့် တမူးမြို့အထိ ဆက်သွယ်သွားလာနိုင်သည်။ ထို့ပြင် မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East West Economic Corridor) ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အပြင် အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံလမ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေသည်။

ကရင်ပြည်နယ်အတွင်းရှိ သထုံ- ဘားအံ-ကော့ကရိတ်- မြဝတီလမ်းမကြီးသည် ပြည်တွင်း ကုန်သွယ်မှုအတွက်သာမက အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးအတွက်ပါ အရေးပါလျက် ရှိသည့်အတွက် ပြည်နယ်၏ အဓိကလမ်းမကြီးအဖြစ် တည်ရှိနေသည်။

အိန္ဒု - ကော့ကရိတ်လမ်း

သထုံ- ဘားအံ- ကော့ကရိတ်- မြဝတီလမ်းတွင် အိန္ဒု- ကော့ကရိတ်လမ်းပိုင်းသည် ADB ချေးငွေဖြင့် ဆောင်ရွက်ခဲ့သောလမ်းပိုင်းဖြစ်ပြီး လမ်းအရှည် ၄၁ မိုင် ၂ ဖာလုံ၊ လမ်းအကျယ် ၁၀ ကီလိုမီတာဖြင့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ယင်းလမ်းကို နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်ထားပြီး ချေးငွေကို ပြန်လည်ပေးဆပ်ရမည်ဖြစ်သဖြင့် လမ်းအသုံးပြုခ ကောက်ခံရန်အတွက် မဲလေလံစနစ်ဖြင့် တင်ဒါခေါ်ယူ၍ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ပြည်တွင်းပြည်ပ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးအတွက် အဓိကကျလျက်ရှိသည့် အတွက် ယင်းလမ်းပိုင်း အဆင့်မြှင့်တင်ရေးကို လမ်းဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သထုံ - ဘားအံ - ကော့ကရိတ်- မြဝတီလမ်း (မြဝတီမြို့တွင်းအပိုင်း) ၁၇၃ ကီလိုမီတာမှ ၁၇၇ ကီလိုမီတာအထိ ၄ ကီလိုမီတာ၌ မူလကတ္တရာ ကွန်ကရစ်လမ်း ၃၃ ပေ အကျယ်အား တစ်ဖက် ၁၂ ပေအကျယ်စီ ကွန်ကရစ် လမ်းချဲ့ခြင်း၊ တစ်ဖက် ၁၀ ပေ ကျောက်ရောမြေလမ်း ပခုံးပြုလုပ်ခြင်း၊ တစ်ဖက် ခြောက်ပေ-၁၀ ပေ မြေသားလမ်းပခုံးပြုလုပ်ခြင်းနှင့် တစ်ဖက်လေးပေ - ခြောက်ပေ အုတ်စီကွန်ကရစ်ရေမြောင်း အဖုံးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ယင်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးပါက မြဝတီမြို့တွင်း လေးကီလိုမီတာကို ရေမြောင်းအပါအဝင် လမ်းနယ်နိမိတ် အကျယ်ပေ ၁၀၀ အဖြစ် တိုးတက်အသုံးနိုင်မည် ဖြစ်သည်။

ထို့ပြင် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းမကြီး အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကြောင့် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်စည်များကို မော်လမြိုင်သို့ အချိန်တိုအတွင်း စရိတ်သက်သာစွာဖြင့် ရေကြောင်းလမ်းမှလည်း သယ်ယူပို့ဆောင်နိုင် မည်ဖြစ်သည်။

လှိုင်ဝ (ကော့ကရိတ်) - မြဝတီ လမ်းပိုင်း

ကရင်ပြည်နယ်အတွင်းရှိ အာရှလမ်းသစ် လှိုင်ဝ (ကော့ကရိတ်) - မြဝတီ လမ်းပိုင်းသည် မြန်မာ-ထိုင်းချစ်ကြည်ရေးအနေဖြင့် ဖောက်လုပ်ထားသော လမ်းသစ်ဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တို ဘာလတွင် လမ်းအူကြောင်းရှာဖွေခြင်း လုပ်ငန်းများကို လမ်းဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါလမ်းပိုင်းမှာ မြန်မာ- ထိုင်းချစ်ကြည်ရေး တံတားအမှတ် (၁)၊ မြဝတီမှ လှိုင်ဝလမ်းဆုံအထိ ၁၀ မီတာအကျယ် ကတ္တရာကွန်ကရစ်လမ်းမကြီး ဖြစ်သည်။ 
ယင်းလမ်းပိုင်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ၂၉ မိုင် ၃ ဖာလုံ ရှည်လျားသည့် ကော့ကရိတ်-သင်္ဃန်းညီနောင်လမ်းဟောင်းကို တစ်ရက်တက် တစ်ရက်ဆင်းစနစ်ဖြင့် သွားလာအသုံးပြုခဲ့ရသည့် အခြေအနေကို ကျော်လွှားသွားနိုင်ခဲ့သည်။ ထို့ပြင် ခရီးမိုင် ၁၁ မိုင် ၇ ဖာလုံ ပိုမိုသက်သာစွာဖြင့် ရာသီမရွေး လွယ်ကူအဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်သည်။ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့နှင့် လှိုင်းဘွဲမြို့ကို ဆက်သွယ်ပေးထားသော ဘားအံ- လှိုင်းဘွဲလမ်းသည် ပြည်နယ်လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လမ်းပိုင်းတစ်ခုဖြစ်သည်။ 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ယင်းလမ်း ၀ ကီလို မီတာမှ ၇ ဒသမ ၃၉၉ ကီလိုမီတာအထိ ၃၆ ပေ အကျယ်ကတ္တရာကွန်ကရစ် (အေစီ)လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၃၉၉ ကီလိုမီတာမှ ၉ ဒသမ ၃၉၉ ကီလိုမီတာအထိ နှစ်ကီလိုမီတာ ၃၆ ပေ အကျယ် ကတ္တရာ ကွန်ကရစ် (အေစီ)လမ်းခင်းခြင်းလုပ်ငန်း၊ ၁၇ ဒသမ ၇ ကီလို မီတာမှ ၂၀ ကီလိုမီတာအထိ မူလ ၁၈ ပေ အကျယ်ကတ္တရာလမ်းမှ ၂၄ ပေအကျယ် ကတ္တရာလမ်းအဖြစ်သို့ လမ်းချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

သို့ဖြစ်ရာ ကရင်ပြည်နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ မြို့တွင်းလမ်းပိုင်းများကိုအေစီလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ခရိုင်ချင်း ဆက်လမ်းများ၊ မြို့နယ်ချင်းဆက် လမ်းများကို ကတ္တရာလမ်းမှ ကတ္တရာကွန်ကရစ်/ကွန်ကရစ် လမ်းများအဖြစ်သို့ အဆင့်မြှင့်တင်ခြင်း၊ လက်ရှိကတ္တရာလမ်းပိုင်းများကို ပြုပြင်ထိန်းသိမ်းခြင်း၊ ကျန်ရှိနေသော မြေသားတာပေါင်တင်ပြီး လမ်းပိုင်းများကို ကတ္တရာကွန်ကရစ်/ ကတ္တရာ/ ကွန်ကရစ်လမ်းများအဖြစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။ ။