နေပြည်တော် အောက်တိုဘာ ၉

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးကိုကို၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၊ လေ့ကျင့်ရေး ဇာတ်ရုံများသို့ သွားရောက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များ၊ ဒိုင်အဖွဲ့ဝင်များ၏ နေထိုင် စားသောက်ရေးအတွက် အိပ်ဆောင်များ၊ စားရိပ်သာနှင့် စားချက်ဆောင်များ၊ စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ကျန်းမာရေးနှင့် ဆေးအကာအကွယ် ပေးရေးအဖွဲ့များ စုဖွဲ့ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ရောက်ရှိနေကြသည့် အကဲဖြတ်ဒိုင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်