ပင်းတယ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီပုထိုးများတွင် ရပ်ဝေးရပ်နှီးမှ ဘုရားဖူးဧည့်သည်တော်များ၊ ဥပုသ်သီတင်း သီလဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာ ပွားများကျင့်ကြံအားထုတ်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

ရပ်ဝေးမှလာရောက်လည်ပတ်သူ အမျိုးသမီးတစ်ဦးမှ “ကျွန်မက ပင်းတယမြို့ကို ယခင်ကရောက်ဖူးတယ်၊ အခု သူငယ်ချင်းတွေနဲ့အတူ နောက်တစ်ကြိမ် လာရောက်တာပါ။ ပင်းတယမြို့မှာရှိတဲ့ သမိုင်းဝင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား၊ ကုံလုံဆရာတော် ရုပ်ကလာပ်ထားရှိရာ စဉ့်စံကျောင်းတော်၊ စူဠာမုဏိစေတီတော်၊ ရှစ်သောင်းလေးထောင် စေတီတို့ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်”ဟု ပြောသည်။

အလားတူ သဘာဝပုန်းတလုတ်ရေကန်သာနှင့် နှစ်တစ်ရာကျော် ညောင်ညိုပင်တို့တွင်လည်း အပန်းဖြေကြသူများ၊ အလှဓာတ်ပုံရိုက်ကူးသူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။ 

အောင်ကိုဦး (ပြန်/ဆက်)