ညောင်ဦး အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် (၁)ရက်တို့တွင် အပန်းဖြေခရီး လာရောက်လည်ပတ်သူများနှင့် ဆင်များလေ့လာလိုသူ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့နှင့် ၅ မိုင်ခန့်အကွာ၊ ညောင်ဦး - ပခုက္ကူ - မြင်းခြံ ကားလမ်းမကြီးဘေး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိပြီး ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာခရီးသွားပြည်သူများ ခရီးတစ်ထောက လာရောက်အပန်းဖြေ နားနေရာတစ်ခုလည်းဖြစ်သည်။ ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း ကလေးကစားကွင်းတွင် ကလေးစီးရဟတ်၊ ဆီးဆော၊ လျောစီးနေရာ၊ ဒန်းတို့ပါရှိပြီး ကလေးဥယျာဉ်အဖြစ် ငယ်စဉ်ကတည်းက သစ်ပင်၊ ပန်းပင် သစ်တောတို့ကို မြတ်နိုးတတ်စေရန် ဥယျာဉ်ငယ် ပြုလုပ်ဖန်းတီးပေးထားသည်။ 

ဆင်ပြတိုက်တွင်လည်း စုံလင်စွာပြသပေးထားပြီး ကမ္ဘာတွင် မြန်မာတစ်နိုင်ငံထဲသာ အိမ်မွေး ဆင်အများစု ပိုင်ဆိုင်ကြောင်း၊ အာဖရိကဆင်နှင့် အာရှဆင် ခွဲခြားပြသထားပြီး အာရှဆင်များသည် အာဖရိကဆင်များထက် ခွန်အားကြီးမားပုံ၊ အာရှဆင်ခေါ် မြန်မာ့ဆင်များ မြန်မာ့သစ်လုပ်ငန်းတွင် အရေးပါခဲ့ပုံ၊ သစ်တောဝန်ထမ်းများနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများ ဆင်များစောင့်ရှောက်ပုံ၊ ဆင်စွယ်အမျိုးမျိုးနှင့် ဆင်ဝန်ထမ်းအဆင့်ဆင့် နေအိမ်များကို ဆင်ပြတိုက်တွင် ပြသထားပုံနှင့် ဆင်စခန်းဝင်း ဆင်များနေထိုင်ပုံ၊ ဆင်များသည် တစ်နေ့သုံးချိန်ပိုင်းပါက နှစ်ချိန်သည် အစာစားချိန်ဖြစ်ကြောင်းတို့ကို ခရီးသွား၊ အပန်းဖြေလာ ဆင်လေ့လာလိုသူများ သိရှိလိုသည်များကို ဆင်စခန်းတာဝန်ရှိသူများက လိုက်လံရှင်းပြပေးကြောင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်များအတွက် ဆင်စာဘူဖေးကျွေးသူ များပြားခဲ့ပြီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဆင်စခန်းလာ ဆင်ချစ်သူများ အပန်းဖြေနားနေနိုင်ရန် ရှည်တံရှည်တဲများတွင် အပန်းဖြေသူများဖြင့် စည်းကားခဲ့ပြီး ဆင်စခန်းများလာရောက် လေ့လာလည်ပတ်ခြင်းဖြင့် မြန်မာ့ဆင်များ ကိုယ်တိုင်ထိန်းသိမ်းဖို့ အင်အားဖြစ်စေကြောင်းလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ရင်း ပလင်းဆင်စခန်းသို့ လာရောက်လေ့လာခဲ့သည့် နတ်မောက်မြို့ ဘုန်းတော်ပြည့်ကျေးရွာ ဦးသန်းဝင်းထွန်းက ပြောသည်။

ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းသို့ သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့ထိ လာရောက်လည်ပတ်မှု များပြားခဲ့ကာ ဆင်စာကျွေးမွေးသူ၊ ဆင်စီးသူများလည်း များပြားခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ