မိုးညှင်း အောက်တိုဘာ ၁၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရား၏ အင်းရေပြင်ပေါ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် ဆီမီး(၁၅၀၀) မီးမျှောပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ မီးမျှောပူဇော်ရာတွင် နှစ်စဉ်အစဉ်အလာမပျက် ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ည၌ အင်းတော်ကြီးဒေသအတွင်းရှိ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ အင်းပတ်လည်ရှိ လုံးတုံကျေးရွာ၊ နန့်မီးလောင်ကျေးရွာ၊ လွဲမွန်ကျေးရွာ၊ နန့်ပတဲကျေးရွာ၊ မမုန်ကိုင်ကျေးရွာနှင့် မိုင်းနောင်ကျေးရွာတို့မှ ရွာသူရွာသားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားသို့လာရောက် ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများက ဆီမီ(၁၅၀၀)ကို ဘုရားရေပြင်ပတ်လည်နှင့် လှေပေါ်များမှ မီးမျှောပူဇော်ကြသည့်အပြင် ပန်း၊ ရေချမ်းများဆက်ကပ်လှူဒါန်းခြင်း၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ ဘက်စုံအလှူငွေများ ပါဝင်လှူဒါန်းခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ငါးအစာကျွေးခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ကြခြင်းတို့ဖြင့် စည်ကားခဲ့သည်။

ဘုရားသို့လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများအား အလှူရှင်များမှ အာဟာရဒါနမုန့်ဖြင့် ဧည့်ခံကျွေးမွေးပြီး ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ လူငယ်မောင်ငယ်များက တိုင်းရင်းသားရိုးရာ အကအလှများကို ရှမ်းအိုးစည်ဗုံမောင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း