ညောင်ဦး အောက်တိုဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ အောက်တိုဘာ ၁၀ ရက်နှင့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးမိဘပြည်သူများ လာရောက်လည်ပတ်လျက်ရှိရာ သမိုင်းဝင် အထင်ကရဘုရားများနှင့် သမိုင်းဝင်အဆောက်အဦ၊ သာသနိကအဆောက်အဦများတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သည့်ပြည်သူ များပြားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ထံက သိရသည်။
တုရင်တောင် စွယ်တော်မြတ်စေတီ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလိုမင်းလို၊ ရွှေစည်းခုံ၊ မနုဟာ၊ အာနန္ဒာ၊ ဗူးဘုရား၊ အလိုတော်ပြည့်၊ ကျောက်ဂူဥမင်၊ ပြဿကြီးဘုရား၊ သဗ္ဗညုဘုရားနှင့် ကန်တော့ပလ္လင်ဘုရားများသို့ လာရောက်ဖူးမြော်သူ ငါးသောင်းကျော်အထိ လာရောက်ဖူးမြော်ကြပြီး မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် သမိုင်းအထင်ကရ ဘုရားများအပြင် ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သာသနိကအဆောက်အဦ၊ စေတီပုထိုး၊ ဘုရားများရှိ နံရံဆေးရေးပန်းချီများကိုလည်း စိတ်ဝင်စားမှုမြင့်တက်လာကြောင်း၊ ဈေးဆိုင်များ၊ မြင်းလှည်းအငှားလိုက်သမားများ၊ E-Bike ငှားစားသူများ၊ တုတ်တုတ်ခေါ် သုံးဘီးအငှားသမားများ၊ ဗူးဘုရားမြစ်ဆိပ် စက်လှေအငှားလိုက်သူများ အဆင်ပြေကြကြောင်း၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာရောက်သူ များပြားလာသည်မှာ သုံးနှစ်အတွင်း လာရောက်ဖူးမြော်သည့် ဘုရားဖူးဦးရေ မြင့်တက်လာလျက်ရှိရာ အောက်တိုဘာ ၇ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိကြောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင်လည်း ဘုရားဖူးများဖြင့် ပြည့်နေလျက်ရှိကြောင်းသိရသည်။
ကိုကြေးမုံ