ပဲခူး အောက်တိုဘာ ၁၀

 

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာ ၉ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်း ကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော် စသည့်နေရာများတွင် ကျင်းပသည်။

 

သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ မဟာသီဝလိ သိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက် ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင် ကျောင်းပေါင်း (၃၅၈) ကျောင်းမှ သံဃာတော် (၂၈၅၂) ပါးတို့က (၁၀၃၁) ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် သံဃာတော် အပါး (၁၉၀) က (၁၅၇) ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီ သိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင် ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင်ကျောင်းပေါင်း (၃၉) ကျောင်းမှ သံဃာတော် (၄၈၉) ပါးတို့က (၁၄၁) ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်းတိုက် သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ မဟာဒွါရဂိုဏ်းဝင် ကျောင်းပေါင်း (၁၅) ကျောင်းမှ သံဃာတော် အပါး (၈၀) တို့က (၂) ကြိမ်မြောက် ပဝါရဏာပြုပွဲကို သက်ဆိုင်ရာ ဂိုဏ်းဝင် ဆရာတော်များမှ နေရာခွဲ၍ ပဝါရဏာပြုတော်မူကြကြောင်း သိရသည်။

သံဃမဟာပဝါရဏာ ပြုတော်မူကြသည့် ရဟန်း၊ သံဃာများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်ရင်း/ တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် စုပေါင်း လှူဒါန်းမှုတန်ဖိုးငွေ ကျပ်(၃၅၁၃၃၆၀ဝိ/-) ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်