နေပြည်တော်  အောက်တိုဘာ  ၁၂

 

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ     မြန်မာ အထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း     တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊  အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊  ရခိုင်ပြည်နယ်စီးပွားရေးရာ ဝန်ကြီးနှင့်  တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာရှိ  အထူးစီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊   ပို့ကုန်ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို    ပိုမိုကျယ်ပြန့် လာအောင်  ချိတ်ဆက်ပေးနိုင်ခြင်း၊ ကမ္ဘာ့တန်ဖိုးကွင်းဆက်ကို အထောက် အကူပြုစေခြင်းနှင့်   စက်မှုကုန်ထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ထုတ်ကုန်အမျိုးအစား များစွာထုတ်လုပ်လာနိုင်ခြင်းစသည့် နိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ထူထောင်ကြပါကြောင်း။

 

၂၀၁၉ ခုနှစ်စာရင်းများအရ နိုင်ငံ ၁၄၇ နိုင်ငံတွင် အထူးစီးပွားရေးဇုန် ၅၄၀ဝ ခန့်ရှိပြီး ဇုန်အသစ် ၅၀ဝ ကျော်ကိုလည်း တည်ဆောက်အကောင်အထည်ဖော်လျက်ရှိကြကြောင်း၊ အထူးစီးပွားရေးဇုန်များသည် စက်မှုဆိုင်ရာမူဝါဒများ၏    ဖြစ်ပေါ်တိုးတက်မှု အသစ်များဖြစ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို  ပိုမိုဆွဲဆောင်နိုင်ကြောင်း။

 

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးစီးပွား ရေးဇုန်များတွင်   အခြေခံအားဖြင့်   ကုန်သွယ်မှု လုပ်ငန်းများအတွက် လွယ်ကူချောမွေ့စေရန် ပံ့ပိုး ပေးမှုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများကို  ပိုမိုခေတ်မီပြီး  တီထွင် ဆန်းသစ်သော စက်မှုလုပ်ငန်းများအဖြစ်သို့ တိုးမြှင့် ဆောင်ရွက်လာကြကြောင်း၊ ထို့နောက် လုပ်ငန်းများကို ကုန်ထုတ်လုပ်ငန်း များအပြင် ဝန်ဆောင်မှုများ ပါဝင်သည့် Integrated Zones အဖြစ် ပြောင်းလဲဖန်တီး လာကြသည်ကို  တွေ့ရမည်ဖြစ်ကြောင်း၊  အဆိုပါ အခြေအနေသည် ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက  အားပေးမြှင့်တင် ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံတွင် ၂၀၁၁ ခုနှစ် အထူးစီးပွားရေးဇုန် ဥပဒေကို ၂၀၁၄ ခုနှစ်တွင် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ   နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ အဆိုပါ နည်းဥပဒေအရ ဗဟိုအဖွဲ့၏အစည်းအဝေးကို တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပရမည်ဖြစ်သဖြင့် ၂၀၂၂ ခုနှစ်အတွက်       ပထမအကြိမ်အစည်းအဝေးကို ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်း။

 

ဥပဒေ၏ ပုဒ်မ  ၆  တွင်  ဗဟိုအဖွဲ့၏ လုပ်ငန်း တာဝန်များကို     ပြဋ္ဌာန်းထားပြီး     အဓိကအနေဖြင့် “အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲ ရေးတို့အတွက်  စီမံကိန်းနှင့်အစီအစဉ်များ  ချမှတ် ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့်  စောင့်ကြည့် ကြပ်မတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မူဘောင် များသတ်မှတ်ခြင်း၊” “စီမံခန့်ခွဲမှုကော်မတီများ၏ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ အခါအားလျော် စွာ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့်    ဆက်သွယ်ညှိနှိုင်းပေးခြင်း” တို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးတွင်     သက်ဆိုင်ရာဇုန်များ ဆောင်ရွက်နေ သည့်     လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ  ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်း ဆွေးနွေးကြစေလိုကြောင်း။

 

မြန်မာနိုင်ငံတွင်   အထူးစီးပွားရေးဇုန်သုံးခုကို  အကောင်အထည်ဖော်      ဆောင်ရွက်လျက်ရှိပြီး သီလဝါ အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့် လည်းကောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တရုတ် နိုင်ငံနှင့် လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ကို ထိုင်းနိုင်ငံနှင့် လည်းကောင်း ပူးပေါင်းအကောင် အထည်ဖော်  ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့်အခါ  မိမိနိုင်ငံ၏ အကျိုးစီးပွားကိုသာ အဓိကထားရ မည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုလည်း  အလေးထားကြရမည် ဖြစ်ကြောင်း။

 

အထူးစီးပွားရေးဇုန်သုံးခုရှိသည့်အနက် သီလဝါ အထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင် စွာ   ဆောင်ရွက်လျက်ရှိသော    ဇုန်တစ်ခုဖြစ်သည့် အတွက် စံပြဇုန်အဖြစ်ရပ် တည်နေသည့်ဇုန်လည်း ဖြစ်ကြောင်း၊        သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျ ဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ရန်၊ လုပ်ငန်းကုမ္ပဏီအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်နှင့် လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက်     လုပ်ငန်းများချောမွေ့စွာ လည်ပတ်နိုင်ရန် သက်ဆိုင်သည့်ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  စီးပွားရေးဦးတည်ချက်(၃)ရပ်အနက်   ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင်      ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို     ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေးသည် အရေးကြီးသည့် ဦးတည်ချက် တစ်ခုဖြစ်ကြောင်း။

 

ထိုရည်မှန်းချက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း SOP များကို လက်တွေ့ကျကျ  လုပ်ကိုင်နိုင်ရန်နှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ      ဇုန်များတွင် ကောင်းမွန်သည့်    ဝန်ဆောင်မှုများပေးရန်   လိုအပ် ကြောင်း၊ သို့မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရန် ဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များကို ကောင်းမွန်စွာဦးဆောင် နိုင်ရန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကို     ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိအခြေအနေထက်    ပိုမိုတိုးတက်လာစေရန် ပို့ကုန်တိုးမြှင့်နိုင်စေရေး      စီးပွားရေးဇုန်များတွင် ရှိသည့် One Stop Service Center များကို စနစ်တကျ ဖွဲ့စည်းပြီး ထိရောက်သည့်ဝန်ဆောင်မှုများပေးနိုင် ရန်လိုကြောင်း။

 

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ မှုဆောင်ရွက်နေသည့် ကုမ္ပဏီများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးချဲ့ဆောင်ရွက်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာ ရေးအတွက် စီမံခန့်ခွဲမှုကော်မတီမှ   လိုအပ်သည်များ   ပံ့ပိုးဆောင်ရွက်သွားစေလို ကြောင်း။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍  ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ မူဘောင်သဘောတူညီချက် ရေးထိုးနိုင် ခဲ့ပြီး  ၂၀၂၀  ပြည့်နှစ် ဇန်နဝါရီလတွင် Shareholder Agreement   နှင့်    နိုဝင်ဘာလတွင်   Concession Agreement ကို   နှစ်ဖက်သဘောတူ   လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊  ယခင်က  နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်၍ နိုင်ငံရေးအကဲဆတ်မှုကို သတိပြုကာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများဖြင့် Win Win Situation  ဖြစ်အောင်  ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက် ဆိပ်ကမ်းစီမံကိန်းသည် အရေးပါသကဲ့သို့ ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းနိုင် သည်ဖြစ်၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့်   မြန်မာ-တရုတ်     စီးပွားရေးစင်္ကြံပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းကိုပါ   ပါဝင်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊  နှစ်နိုင်ငံအကြား   ပူးပေါင်း ဆောင်ရွက်မှုကို   မြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်    စီမံကိန်းသည် တရုတ်နိုင်ငံ၏ Belt &  Road  စီမံကိန်းနှင့် များစွာ ဆက်စပ်မှုရှိနေသည့်အတွက် နှစ်နိုင်ငံအကျိုးပြုမှုများ ရရှိပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေမည် ဖြစ်ကြောင်း၊   ရခိုင်ပြည်နယ်   ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ဒေသခံများကို   ကျွမ်းကျင်သင်တန်းများ ပေးခြင်းနှင့်စပ်လျဉ်း၍ စီမံကိန်းအကောင်အထည်ဖော် သည့်အချိန်တွင်    စက်ရုံများ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် သင်တန်းများဖြစ်ရန်လိုကြောင်း။

 

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀ဝ၈ ခုနှစ် ကတည်းက    အကောင်အထည်ဖော်ခဲ့သော်လည်း သိသာ ထင်ရှားသည့်  တိုးတက်မှုများမရှိခဲ့သည်ကို တွေ့ရကြောင်း၊   ယခင်က   ရင်းနှီးတည်ဆောက်သူ အဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ- ထိုင်းကုမ္ပဏီကို Termination ပြုလုပ်ထားပြီးဖြစ် သည့်အတွက် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း။

 

အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုး တိုးတက်လာမှသာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သကဲ့သို့   ​ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူနေမှုအဆင့် အတန်းများ ဖွံ့ဖြိုးတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်   အထူးစီးပွားရေးဇုန်များ   အောင်မြင် တိုးတက်စေရန်   ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ  ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာအထူးစီးပွားရေးဇုန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက်      သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်    ထားဝယ် အထူးစီးပွားရေး ဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ များက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးသို့ တင်ပြသည့်    အမှာစာများကို ဖတ်ကြားတင်ပြကြပြီး အတည်ပြုချက်ရယူကြသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့်    ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊    ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊  ဦးတင်ထွဋ်ဦး၊  ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊  ဒေါက်တာပွင့်ဆန်းနှင့် ဦးရွှေလေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးမြတ်ကို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊  ရခိုင်ပြည်နယ် စီးပွားရေးရာ ဝန်ကြီးတို့က      အထူးစီးပွားရေးဇုန် များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာ  ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ    ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂) ဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြု ချက်ရယူသည်။ 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်