နေပြည်တော်  အောက်တိုဘာ ၁၂

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် (Russian Energy Week International Forum) ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးတို့သည် ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဉီးလွင်ဉီးနှင့်အတူ ဖိုရမ်ကျင်းပရေးကော်မတီဉက္ကဋ္ဌ၏ အတွင်းရေးမှူး မစ္စတာ အလက်ဇန်းဒါး ရှာတီရော့နှင့် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် မော်စကိုမြို့ရှိ Crowne Plaza Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။

 

ထိုသို့ဆွေးနွေးရာတွင် အတွင်းရေးမှူး မစ္စတာအလက်ဇန်းဒါး ရှာတီရော့က  ယခင်ကျင်းပခဲ့သော ဖိုရမ်များတွင် နိုင်ငံအကြီးအကဲများ၏ ဆွေးနွေးမှု နောက်ဆက်တွဲ အဖြစ် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသည် စွမ်းအင်နှင့်ပတ်သက်သော ထွက်ကုန်များထုတ်လုပ်သော နိုင်ငံဖြစ်ပါကြောင်း၊ ယခုရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ လာရောက် တက်ရောက်သည့်အတွက် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ ဖိုရမ်ကျင်းပရေး ကော်မတီဉက္ကဋ္ဌ သည်လည်း မကြာမီမြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပါကြောင်း၊  ယခင်ကျင်းပခဲ့သော ဖိုရမ်တွင် နိုင်ငံတော် အကြီးအကဲများ ဆွေးနွေးခဲ့သောကိစ္စများအတွက် ရုရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတထံသို့ အပတ်စဉ်အစီရင်ခံ တင်ပြဆောင်ရွက်နေမှုကို ဆွေးနွေးသည်။

 

ယင်းနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်က ပြန်လည် ဆွေးနွေးရာ၌ နိုင်ငံတော်အကြီးအကဲမှ တာဝန်ပေးစေလွှတ်ခဲ့၍ ဤဖိုရမ်သို့ တက်ရောက် လာခြင်းဖြစ်ပါကြောင်း၊ ဖိုရမ်တွင် ရုရှားနိုင်ငံမှ အဖွဲ့အစည်းများနှင့် စွမ်းအင်ကဏ္ဍ ကိစ္စများသာမက လျှပ်စစ်စွမ်းအားကဏ္ဍကိစ္စများကိုပါ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြီး ရုရှားနိုင်ငံဖိုရမ်ကျင်းပရေးကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အခြေအနေ များကို ညှိနှိုင်းဆွေးနွေးသည်။

 

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဦး ကလည်း ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သောကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စများကို ဖြည့်စွက်ဆွေးနွေးသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်  ဦးမျိုးမြင့်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အနီး၊ ကာလုဂါ ပြည်နယ်ရှိ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင် တည်ထားကိုးကွယ်သည့် ရွှေစည်းခုံပုံတူ စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မွန်းလွဲပိုင်းတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သည့် ဆရာတော် များအား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း ပူဇော် ကြသည်။

 

ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံစီးပွားရေးကောင်စီမှ ဥက္ကဋ္ဌ မစ္စတာ အီဗန် ပိုလီကော့ဖ်နှင့်အဖွဲ့က တည်ခင်းဧည့်ခံသည့် အလွတ်သဘော ညစာစားပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြားစီးပွားရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရုား-မြန်မာ ချစ်ကြည်ရေးပြယုဂ်အနေဖြင့် ပြသနိုင်ရန် အတွက် မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေး စင်တာ (Emergency Response Center) တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် လာရောက်မည့်ခရီးစဉ် အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးလိုသည့်ကိစ္စ၊ ရန်ကုန်နယ်နိမိတ် ဧရိယာအတွင်း ရုရုားမြန်မာချစ်ကြည်ရေးအတွက် စက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာ များ ထုတ်လုပ်သွားနိုင်ရေးကိစ္စများ၊ ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေးကိစ္စများတွင် လာရောက် ရင်းနှီးမြှုပ်နှံရေးကိစ္စတို့ကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)