စစ်တွေ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက သံတွဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံတွဲမြို့နယ် ဒွါရာဝတီမြို့သစ်၌ မြန်မာနိုင်ငံသားများပိုင်ဆိုင်သော Thantwe Marine Product အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှုကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစဉ် အအေးခန်းစက်ရုံပိုင်ရှင် ဦးတင်မောင်ဌေးက အအေးခန်းစက်ရုံ၏ လုပ်ငန်းလည်ပတ်နေမှုနှင့် ကဏန်းပျော့ မွေးမြူထုတ်လုပ်နေမှုများ၊ လျှပ်စစ်မီးအားသုံးစွဲမှု၊ ငါး၊ ပုစွန်၊ ကဏန်းသိုလှောင်မှု၊ ရေခဲထွက်ရှိမှု၊ ဝန်ထမ်း ၈၅၀ ခန့် ခန့်ထားနိုင်မှု၊ တစ်ရက်လျှင် ကုန်ချော(၅)တန်မှ (၁၀)တန်အထိ ထုတ်လုပ်နိုင်စွမ်းရှိမှု၊ ထုတ်လုပ်ပြီး ကုန်ချောများအား သံတွဲစက်ရုံ၌ အပြီးသတ်ထုတ်ပိုးပြီး ရန်ကုန်သို့ အအေးခန်းကားဖြင့် သယ်ဆောင်ကာ ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုနှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အအေးခန်းစက်ရုံအတွင်း ငါး၊ ပုစွန်၊ ကဏန်းပျော့များကို အမျိုးအစားအလိုက် ကုန်ချောထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့အမှတ်(၁)ရပ်ကွက်ရှိ အသေးစားစက်မှု လက်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဒေါက်တာ စိုးမြင့်၏ ရွှေဝတီ ရခိုင်လုံချည်နှင့် ဝါးစားပွဲခင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုကြရာ ဒေါက်တာ စိုးမြင့်က ရခိုင်လုံချည်နှင့် ဝါးစားပွဲခင်းများ ထုတ်လုပ်နေမှု၊ ငပလီမြို့ရှိ ဟိုတယ်များသို့ ရောင်းချနေမှုနှင့် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချနေမှု၊ ခရီးသွားဧည့်သည်များ ဝယ်ယူအားပေးနှင့် တိုးချဲ့ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်က ခေတ်မီဆန်းသစ်သော ဒီဇိုင်းများ ထုတ်လုပ်ခြင်းအားဖြင့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်ရေး တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၂၅ ဒသမ ၅၀၆၅၄ သန်းဖြင့် ကျေးလက်လမ်းဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် သံတွဲမြို့နယ် အောက်နန်းချောင်းကျေးရွာရှိ ဥယျာဉ်၊ တောင်ယာ၊ သုဿန်သို့သွားလာသည့် အလျား ၁၀၀ ပေ၊ အကျယ် ၉ ပေ၊ သံဘောင်၊ သစ်သားတံတား ဆောင်ရွက်ပြီးစီးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သာနို့အေးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာအတွင်းရှိ ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တံတားရေရှည်ကောင်းမွန်းရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်း သိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၂၇) စက်မှုကုန်ကြမ်းဌာန၊ ငပလီ၊ ရာဘာခြံသို့သွားရောက်ပြီး ရာဘာခြံအား စက်မှုဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။ တွေ့ဆုံစဉ်  ရာဘာခြံမန်နေဂျာက ခြံလွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်ဂေါ့ရပ်ကွက်၌ Golden Myanmar property development ကုမ္ပဏီမှ  ဆောက်လုပ်လှူဒါန်းမည့် အခမဲ့အသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)