ပင်းတယ အောက်တိုဘာ ၁၃
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်မှ ငရုပ်ပွစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကြောင်း တောင်သူများထံမှ သိရသည်။

ငရုပ်ပွစိုက်ပျိုးသူ တောင်သူတစ်ဦးမှ မိမိတို့ စတင်စိုက်ပျိုးသည့်အချိန်က စိုက်ပျိုးစရိတ်ကုန်ကျမှု မြင့်ခဲ့ခြင်းကြောင့် ရောင်းချသည့်အချိန်တွင် စျေးကောင်းရရန် မျှော်လင့်ခဲ့ကြောင်း၊ ယခုရောင်းချသည့်အချိန်တွင် စျေးကောင်းရရှိနေပြီး ငရုပ်ပွသီးများမှာ အရွယ်အစားအလွန်ကောင်းမွန်၍ တစ်ပိဿာလျှင် ငွေကျပ်(၃၀၀၀)ထိရရှိကြောင်း၊ (၂၅)ပိဿာခန့်ဆံ့သည့် ခြင်းတစ်ခြင်းလျှင် ငွေကျပ် (၇၀၀၀၀) မှ (၇၅၀၀၀)ခန့်အထိ ရရှိကြောင်း ပြောသည်။

ပင်းတယမြို့နယ်တွင် ငရုပ်ပွစိုက်ခင်းများအား ရေခြံတွင်ဆယ့်နှစ်လရာသီ စိုက်ပျိုးကြပြီး ကုန်းခြံများတွင်လည်း စိုက်ပျိုးကြသည်။ အဆိုပါ ငရုပ်ပွပင်များကို ပျိုးအိပ်ဖြင့် စတင်ပျိုးထောင်ထားပြီး တစ်လခန့်ကြာပြီးလျှင် မြေချစိုက်ပျိုး၍ ရက်တစ်ရာခန့်တွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်သည်။ ဇော်ဂျီမြစ်ချောင်းတစ်လျှောက် ကျေးရွာများဖြစ်သည့် ဇော်ဂျီ၊ မိုင်းလီ၊ မိုင်းအင်၊ ရွှေပုထိုး၊ လယ်ပြင်၊ ညောင်ဝန်း၊ ညောက်ကောက်၊ ပြင်သာ၊ အင်းငယ် စသည့် ကျေးရွာများရှိ တောင်သူများက တစ်နိုင်တစ်ပိုင်မှ စီးပွားရေးလုပ်ငန်းဖြစ် လုပ်ကိုင်ကြကြောင်းလည်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)