နေပြည်တော်၊ အောက်တိုဘာ ၁၃
    
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်တို့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အစည်း အဝေးခန်းမ၌  လက်ခံတွေ့ဆုံသည်။
    
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် အကျိုးစီးပွားဖြစ်ထွန်း စေရန်အတွက် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေး လိုပါကြောင်း ပြောကြားသည်။ 
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို တရုတ်နိုင်ငံသို့ Joint Training ခေါ်ယူလေ့ကျင့်ပေးခဲ့မှုနှင့် ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားများကို Joint Training ထပ်မံခေါ်ယူ လေ့ကျင့်ပေးမည် ဆိုသည့်အတွက်လည်း အထူးဝမ်းသာပါကြောင်း၊ မြန်မာ့အားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏအဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
    
ထို့နောက် မြန်မာနိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအပေါ် တရုတ် ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

(သတင်းစဉ်)