နေပြည်တော် အောက်တိုဘာ ၁၃
မဲစာရင်းများမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် မအူပင်ခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများကို ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် မအူပင်ခရိုင်အတွင်းရှိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ် ဆောင်ရွက် ထားမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြပြီး သက်ဆိုင်ရာဌာနအသီးသီးက ဆောင်ရွက်ထားမှု များကို တင်ပြကြသည်။
ဆက်လက်ပြီး မအူပင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံ မဲဆန္ဒရှင် စာရင်းများ စက်တင်ဘာလအထိ လစဉ်စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး တင်ပြရာ -
(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စိစစ်ချက်အရ
(က) သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ် ထပ်တို့မှလျော့သည့်လူဦးရေ (၅၇၇၂) ဦး
(ခ) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန လက်ကျန်စာရင်းမှ ပြန်လည် ထည့်သွင်းသည့် ထပ်တိုးလူဦးရေ (၆၃၉) ဦး
(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ .
(က) မြေပြင်ထပ်တိုး
ပုံစံ(၆၆/၆)ရှိသူ (၅၃၃) ဦး
(ခ) မြေပြင်တွင် လျော့သည့်ဦးရေ
ပုံစံ(၆၆/၆)ရှိသူ (၃၄၃၇) ဦး
မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု(၉၄၈) ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။
ထို့နောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့က မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်မှုလုပ်ငန်း အောင်မြင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများ၊ လိုအပ် ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးအောင်လွင်ဦး တို့က ဖြည့်စွက်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)