စစ်တွေ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက သံတွဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဦးစွာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ မြို့ဦးကျောင်းတိုက်သို့ သွားရောက်ပြီး သံတွဲမြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ မြို့နယ်သံဃနာယကအဖွဲ့ဝင် တရော်တောကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ဦးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တရေဝတထံမှ ဩဝါဒခံယူကြပြီး သံဃာတော် အရှင်သူမြတ်များအား သင်္ကန်း၊ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာဗောဓိစာသင်တိုက် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တကလျာဏထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်ရှိ တံတားအထူးအဖွဲ့(၁၆)မှ ပြည်ထောင်စု အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ် ၁၆၁၅ သန်းဖြင့် တည်ဆောက်လျက်ရှိသော အရှည် ၁၁၂ ပေရှိ ငပလီ - မဇင် တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တံတားအထူးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပလီမြို့၊ ဇီးဖြူကုန်းဆေးရုံ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မလွတ်ကင်းသဖြင့် ပြောင်းရွှေ့ပေးခဲ့ရသည့် အခြေခံပညာ မူလတန်းလွန်၊ ဇီးဖြူကုန်းကျောင်းအား ရက္ခိတသီဟကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၈၃၀ တန်းဖိုးရှိ RC နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင်နှင့် နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ ဆောက်လုပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပလီမြို့ရှိ အသေးစား၊ အလတ်စားစက်မှုလက်မှု လုပ်ကိုင်လျက်ရှိသော ရတနာပျိုမေ တိုင်းရင်းသားရိုးရာ ချည်ထည်အိတ်အမျိုးမျိုးနှင့် အမှတ်တရ ပစ္စည်းများ အရောင်းဆိုင်တွင် ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ငပလီမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် ဟိုတယ် လုပ်ငန်းများသို့ ရေပေးဝေလျက်ရှိသော ငပလီရေလှောင်တမံအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ ဒွါရာဝတီခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၏ ဒေသထုတ်ကုန်များအား ခင်းကျင်းပြသထားမှုကို လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)