နေပြည်တော်၊ အောက်တိုဘာ ၁၄

 

လာမည့် နွေရာသီကာလအတွင်း ပြည်သူများအတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခု ကာလမှစ၍ ရေလှောင်တမံအတွင်း ရေများစုဆောင်းထားရှိရမည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် တာဘိုင်နှင့် ဂျင်နရေတာများအား ဓာတ်အားထုတ်လုပ်ချိန်တွင် စွမ်းရည်မြင့်မားစွာ ထုတ်လုပ်နိုင်ရေး အတွက် ကြိုတင်ပြုပြင်၍ အသင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ယင်းသို့ စက်စွမ်းရည်များ မြှင့်တင်သလို ဝန်ထမ်းများ၏ အင်ဂျင်နီယာနည်းပညာစွမ်းရည်များအား မြှင့်တင်ကြရန်နှင့် ကြီးကြပ်သူများက မျိုးဆက်သစ် ဝန်ထမ်းငယ်များအား မွေခံထိုက်စေဖြစ်စေရေးအတွက် အစဉ် လေ့ကျင့်ပျိုးထောင်သွားကြရန် အထူးလိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

 

အောက်တိုဘာ (၁၂) ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းရှိ ကွန်းချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး အစဉ်မပြတ် ပြုပြင်ထိန်းသိမ်းရန်နှင့် Switchgear နှင့် Control Panel များ ပုံမှန်ပြုပြင်ထိန်းသိမ်းသွားရန် လုံခြုံရေး အသိ၊ သတိရှိကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ မိသားစုသဖွယ် ရင်းနှီးပြေလည်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့သည် Transformer Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုကို ကြည့်ရှုစစ်ဆေးပြီး Transformer နှင့် ဆက်စပ်ပစ္စည်းများ၊ စက်ရုံ၊ Switchyard တို့နှင့် ချိတ်ဆက်သည့် တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများ၊ Underground Cable များအား အမြဲမပြတ် ထိန်းသိမ်းရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်နှင့် အခြား လိုအပ်သည်များကို မှာကြားသည်။

 

အဆိုပါ ကွန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၏ အနောက်တောင်ဘက် (၉) မိုင်ခန့်အကွာ ကွန်းချောင်းပေါ်တွင် တည်ဆောက် ထားပြီး ရေလှောင်တမံမှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ  ဧကပေ ၉၅၅၀၀၀ သိုလှောင်နိုင်ပြီး နှစ်စဉ်စီးဝင်ရေ ဧကပေ ၆၀၀၀၀ စီးဝင်ကာ စိုက်ပျိုးရေပေးဝေသော စိုက်ဧက ၁၁၀၀၀၀ သို့ ရေပေးဝေလျက် တပ်ဆင် အင်အားအနေဖြင့် (၂၀) မဂ္ဂါဝပ်၊ ဓာတ်အားပေးစက် (၃) လုံး၊ (၆၀) မဂ္ဂါဝပ်မှ နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ၁၉၀ ကီလိုဝပ် နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)