နေပြည်တော် အောက်တိုဘာ ၁၄

 

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၀၈) ရဲဗလတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်  ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ    ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်း ထက်က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ  သင်တန်းဆင်းတပ်ခွဲကို  စစ်ဆေးပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြု ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံး  ကျောင်းသားဆုရ  ဒုတိယရဲအုပ်လောင်း မေလင်းခိုင်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း ဝေလွင်ဦး၊ လေ့ကျင့်ရေးထူးချွန် ဆုရ ဒုတိယရဲအုပ်လောင်း မေလင်းခိုင်၊  ကွန်ပျူတာ ဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း သီဟန်မျိုး၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ် လောင်း အေးပွင့်ဖြူတို့ကို   ဆုများပေးအပ်ချီးမြှင့် သည်။

 

ထို့နောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က  သင်တန်းဆင်းဒုတိယရဲအုပ်လောင်းများ သည်   တက္ကသိုလ်အသီးသီးမှာ  စာပေပညာများကို လေ့လာဆည်းပူးခဲ့ကြသလို   တပ်ဖွဲ့အသီးသီး မှာ ခေါင်းဆောင်ငယ်များအဖြစ်      စတင်တာဝန် ထမ်းဆောင်ကြရမည့်သူများ   ဖြစ်သည်နှင့်အညီ ခေါင်းဆောင်မှုအရည်အသွေးများကို ကောင်းစွာသိရှိ နားလည်ပြီး တပ်တွင်းစည်းလုံး ညီညွတ်မှုနှင့် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို   ပိုမိုကျစ်လျစ်ခိုင်မာအောင်   အလေးထားဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် မျက်မှောက်ခေတ်ကာလတွင်    ပြည်သူ များဘဝ အေးချမ်းသာယာ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊   ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်(၄) ရပ်ကို    အလေးထားအောင်မြင်အောင်  အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

 

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း(၁၂)ရပ်၌ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော် တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့်      တပ်ဖွဲ့ဖြစ်သည်” ဟူသည့်အချက်နှင့်အညီ   တပ်မတော်နှင့်အတူ လက်တွဲ၍     လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းရန်   ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 

အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၁၉၆၅ ခုနှစ်မှစ၍ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များကို ရဲတပ်ဖွဲ့၏အဆင့် အသီးသီး၌ စတင်ခန့်အပ်တာဝန်ပေးခဲ့ပြီး အမျိုးသမီး ရဲအရာရှိများကို စဉ်ဆက်မပြတ် အမျိုးသားရဲအရာရှိများနှင့်အတူ အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ကာ အမျိုးသမီးရဲအရာရှိငယ် များအနေဖြင့်လည်း ပေးအပ်သည့်တာဝန်များကို   စွမ်းရည်ပြည့်ဝကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် လုပ်ငန်းတာဝန်များကို ရဲရင့်ထက်မြက်စွာ ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည်       နိုင်ငံ့ ဝန်ထမ်းဖြစ်သည်နှင့့်အညီ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေ၊  နိုင်ငံ့ဝန်ထမ်းဥပဒေ၊    နည်းဥပဒေများနှင့် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြား ချက်များကို စောင့်ထိန်းလိုက်နာပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို   အောင်မြင်အောင်  မိမိတို့ကျရာ ကဏ္ဍအလိုက် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာမှာ ဥပဒေလုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များ ကို  သိရှိနားလည်ကျွမ်းကျင်ပြီး    အဂတိတရား    ကင်းရှင်းစွာနှင့် နည်းစနစ်တကျမှန်ကန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယရဲချုပ် (၂) (လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊    နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲအရာရှိကြီးများ၊  ဗဟိုမီးသတ် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယ ရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၀၈) ရဲဗလတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား ၁၉၃ ဦး၊ အမျိုးသမီး ၁၄၈ ဦး စုစုပေါင်း ၃၄၁ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်