နေပြည်တော် အောက်တိုဘာ ၁၅
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာပညာရေးကိုယ်စားလှယ် အဖွဲ့ သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သော (၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး (12th ASEAN Education Ministers Meeting – 12th ASED) နှင့်ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၆) ကြိမ် မြောက် အာဆီယံ အပေါင်း ၃ ပညာရေးဝန်ကြီးများအစည်းအဝေး (6th ASEAN Plus Three Education Ministers Meeting – 6th APT EMM)၊ (၆) ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး (6th East Asia Education Ministers Meeting – 6th EAS EMM) များကို တက်ရောက်ခဲ့သည်။
(၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ Meliá Hanoi ဟိုတယ်၊ Grand Ballroom ခန်းမ၌ ကျင်းပရာ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချူပ် H.E. Vũ Đức Đam၊ ဗီယက်နမ်ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာန H.E. Nguyen Kim Son နှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်က ဖွင့်ပွဲမိန့်ခွန်းပြောကြားကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာသော အာဆီယံပညာရေးဝန်ကြီးများသည် ဖွင့်ပွဲအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် အစည်းအဝေးကိုကျင်းပရာ သဘာပတိအဖြစ် ဗီယက်နမ်နိုင်ငံ ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာနဝန်ကြီး H.E Nguyen Kim Son က ဆောင်ရွက်ပြီး အဖွင့်မိန့်ခွန်းပြော ကြားသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ပညာရေးဝန်ကြီးများ၊ ကိုယ်စား လှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်း အဝေးတွင် အာဆီယံပညာရေးဝန်ကြီးများက အာဆီယံဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများတွင် ကြံ့ကြံ့ ခိုင်သည့်ပညာရေးစနစ် တဖန်ဆန်းသစ်နိုင်ရေးအတွက် ပူးပေါင်းအားထုတ်မှု မျက်နှာ စာသစ်ဖွင့်လှစ်ခြင်း (Joint efforts to reimagine learning and building resilience of education systems in ASEAN and beyond in the new context) ဦးတည်ချက်ဖြင့် အလှည့်ကျ မိန့်ခွန်းပြောကြားကာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဆက်လက်၍ အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးများသို့ တင်သွင်းမည့် အာဆီယံ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ပညာရေးစနစ်များ ကြေညာစာတမ်းကို အတည်ပြုကာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး၊ ပြန်လည်ကုစား ရေးနှင့် ကြံ့ကြံ့ခိုင် ရပ်တည်ရေး ကြေညာချက်ကို မှတ်တမ်းတင်ခဲ့ကြပြီး အာဆီယံ-ရုရှားဖက် ဒရေးရှင်းပညာရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် (၂၀၂၂-၂၀၂၆)၊ အာဆီယံ-ဟန်ဂေရီ ပညာ ရေးပူးပေါင်းဆောင် ရွက်ရေးနားလည်မှုစာချွန်လွှာနှင့် အာဆီယံအဆင့်မြင့် ပညာရေးအကောင် အထည်ဖော်ရေး လမ်းပြမြေပုံတို့ကို တင်ပြခဲ့သည်။
ထို့နောက် (၁၂) ကြိမ်မြောက် အာဆီယံပညာရေး ဝန်ကြီးများအစည်းအဝေး ပူးတွဲ ကြေညာချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြကာ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် တည်ခင်း ဧည့်ခံသော Gala Dinner သို့ တက်ရောက်ခဲ့ကြသည်။
ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော (၆) ကြိမ်မြောက် အာဆီယံနှင့် အပေါင်း ၃ ပညာရေးဝန်ကြီးများအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အစည်းအဝေးတွင် ပူးတွဲသဘာပတိများဖြစ်ကြသည့် ဗီယက်နမ် ပညာရေးနှင့် လေ့ကျင့်ရေး ဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးတို့က အဖွင့်မိန့်ခွန်း ပြောကြားကြပြီး အာဆီယံ အပေါင်း ၃ ပညာရေးဝန်ကြီးများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အပေါင်း ၃ နိုင်ငံများဖြစ်ကြသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံဒုတိယ အတွင်းရေးမှူးချူပ်တို့က မိန့်ခွန်းပြောကြားကာ အာဆီယံအပေါင်း ၃ နိုင်ငံများမှ ပညာရေး ဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် (၆)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး ကျင်းပရာ ဗီယက်နမ်နိုင်ငံ ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးက အစည်းအဝေးကို ဖွင့်လှစ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်က (၅) ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး ၏ နောက်ဆက်တွဲ အာဆီယံအစည်းအဝေးများ ကျင်းပခဲ့မှုကို အစည်းအဝေးသို့ တင်ပြဆွေးနွေးပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများကိုယ်စား ဗီယက်နမ် ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးက မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ အရှေ့အာရှ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်ကြသော ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံ ဒုတိယအတွင်း ရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြားကာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် (၆) ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြုကြကာ အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ (SEAMEO) တို့အကြားချုပ်ဆိုသည့် အရှေ့တောင်အာရှအခြေခံပညာ သင်ယူတတ်မြောက်မှု တိုင်းတာရေး (SEA-PLM) အတွက် Letter of Engagement ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်ကာ အဖွဲ့ဝင်များ အဖြစ် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇေယျာထွန်းတို့ပါဝင်သော မြန်မာပညာရေးကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ ကြိုတင်တက်ရောက်ခဲ့ကြသော အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
သတင်းစဉ်