ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ္ဘာ့စားနပ်ရိက္ခာနေ့၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေး အခြေခံစားသောက်ကုန် ထုတ်လုပ်မှုများ ကြည့်ရှုပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း(MSME) များ ကြည့်ရှုအားပေး
ပုသိမ် အောက်တိုဘာ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့တွင် ကျရောက်သော ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးမွေးမြူရေး အခြေခံ စားသောက်ကုန် ထုတ်လုပ်မှုများ ကြည့်ရှုပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME )များကို ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြောင်းမြမြို့ မြဟေမာရပ်ကွက် စက်မှုဇုန်ရှိ ခိုင်ဖြိုးကျော် ပုဂ္ဂလိကဆန်စက်သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME) လုပ်ငန်းရှင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ခင်းကျင်းပြသထားသည့် ဒေသထွက် ဆန်၊ စပါးအမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်း အမျိုးမျိုးတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

မြောင်းမြ စက်မှုဇုန်ကို မြေအကျယ်အဝန်း ၅၈ ဧကတွင် ၂၀၀၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် ခိုင်ဖြိုးကျော်၊ မနောသုခ-၁၊ မနော သုခ-၂၊ မြသီတာ၊ ထိန်လင်းရတနာနှင့် ဝေဖြိုးထွန်း ဆန်စက်ခြောက်လုံး၊ ဆန်ကွဲမှ ထုတ်လုပ်သော ကပ်စေးနဲ သကြားရည်စက်ရုံ နှစ်ရုံ၊ မနောသုခနှင့် မြသီတာ ပေါင်းဆန်စက်ရုံ နှစ်ရုံ၊ ကွမ်းသီးပေါင်းစက်ရုံ တစ်ရုံ နှင့် ကွန်ကရစ်တိုင်လုပ်ငန်းစက်ရုံတို့ စုဖွဲ့တည်ဆောက်၍ လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ခိုင်ဖြိုးကျော် ပုဂ္ဂလိက ဆန်စက်တွင် ဆန်စက်နှင့် ဆက်စပ် ဆောင်ရွက်လျက်ရှိသော အခြောက်ခံစက်၊ စပါးခွံသိုလှောင်ရုံ၊ စပါးခွံလောင်စာတောင့် စက်ရုံနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံတို့တွင် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုရာ စက်ရုံလုပ်ငန်းရှင် ဦးဇော်မျိုးကြည်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ အဆိုပါ တန် ၂၀၀ စွမ်းအားရှိ ဆန်စက်ကို မြေအကျယ်အဝန်း ၄ ဒသမ ၇၁ ဧကတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်တည်ဆောက် ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ ယနေ့အထိလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လျက်ရှိကြောင်း၊ ယင်းစက်ရုံမှထွက်ရှိသော ဆန်များကို ပြည်တွင်းဈေးကွက်အပြင် အာရှနှင့် ဥရောပနိုင်ငံများအထိ ရန်ကုန်မြို့မှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိရာ ယခုအခါ ပုသိမ်ဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ ယင်းနောက် မြောင်းမြမြစ်ကမ်းဘေးရှိ စပါးခွံလောင်စာစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်ကြရာ တာဝန်ရှိသူများက စက်ရုံကို ၂၀၁၈ ခုနှစ် မတ်လတွင် တည်ဆောက်ခဲ့၍ စမ်းသပ်မောင်းနှင်ခဲ့ရာ ၁ ဒသမ ၈ မဂ္ဂါဝပ် မျှော်မှန်းသော်လည်း ၁ ဒသမ ၆ မဂ္ဂါဝပ် ရရှိပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများ မကြာမီပြီးစီးမည်ဖြစ်ရာ စဉ်ဆက်မပြတ်မောင်းနှင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စက်ရုံ အမြန်ဖွင့်လှစ်လည်ပတ်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ စက်ရုံအတွင်း ကြည့်ရှုလေ့လာကြသည်။
အဆိုပါစက်ရုံမှာ ၂၀၀၆ ခုနှစ်တွင် မြန်မာနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နည်းပညာကို အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်ရုံလည်ပတ်ပါက မြောင်းမြစက်မှုဇုန်ရှိ တန် ၅၀/၆၀ စက်ရုံငါးရုံခန့် (သို့မဟုတ်) တန် ၂၀၀ စွမ်းအားရှိသော စက်ရုံနှစ်ရုံခန့်ကို ဓာတ်အားပေးနိုင်မည့်အပြင် ပိုလျှံသော ဓာတ်အားများကို နိုင်ငံတော်မဟာဓာတ်အားလိုင်းသို့ ဆက်သွယ်ပေးပို့၍ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြောင်းမြမြို့ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ မြောင်းမြဒေသ သုတေသနဗဟိုဌာနသို့ သွားရောက်ကြရာ ရှင်းလင်းဆောင်၌ တာဝန်ခံ ဒေါ်ဖြူပြာလွင်က ဌာန၏ တည်နေရာ၊ မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်၊ မြေယာပိုင်ဆိုင်မှု၊ ရာသီဥတုအခြေအနေ၊ ဖွဲ့စည်းပုံနှင့် ရာသီအလိုက် သုတေသနလုပ်ငန်း ဆောင်ရွက်မှုများ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက ဆုချီးမြှင့်မှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိသော စပါးစိုက်ကွင်းများတွင် ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် မျိုးစေ့ထုတ်လုပ်ထားမှုများကို လိုက်လံရှင်းလင်းပြသမှုနှင့်အတူ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့၏ မေးမြန်းမှုများကို ရှင်းလင်းဖြေကြားသည်။
အဆိုပါ သုတေသနဌာနတွင် လယ်မြေ ဧက ၅၀၊ နှစ်ရှည်သီးနှံ ငါးဧက စိုက်ပျိုးထားရှိပြီး မစိုက်ပျိုးနိုင်သော မြေ ၂၂ ဒသမ ၉၄ ဧက အပါအဝင် စုစုပေါင်းမြေဧက ၇၇ ဒသမ ၉၄ ဧက ကျယ်ဝန်းကာ တောင်သူများသို့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေးဆိုင်ရာ သုတေသနလုပ်ငန်းများအဖြစ် ဆည်ရေသောက်လယ်စပါး နှစ်ကွက်၊ အရည်အသွေးကောင်း စပါးနှစ်ကွက်၊ ပြောင်းစိုက်ပျိုးရေး တစ်ကွက်တို့အားလည်းကောင်း၊ လိုက်လျောညီထွေရှိသည့် ရေရှည်တည်တံ့မည့် စိုက်ပျိုးရေးဆိုင်ရာ သုတေသန လုပ်ငန်းများကိုလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများကို လည်းကောင်း၊ ဒေသသုတေသန စိုက်ပျိုးရေးလုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၀ ရက်အတွင်း ထူးခြားမှုအနေဖြင့် အလားအလာ ကောင်းသော မိုးရေသောက် လယ်စပါးမျိုးသစ် (IRTP-30480) ကို လည်းကောင်း၊ အလားအလာ ကောင်းသော ဆည်ရေသောက် လယ်စပါး မျိုးသစ် (TP-21654) ကိုလည်းကောင်း၊ နိုင်ငံတော် မျိုးစေ့ ကော်မတီသို့ မှတ်ပုံတင်ထားသော ဆားငန်ခံစပါးမျိုးသစ် (YSTR-12, MKSTR-22) (ဧရာမောင်) ကို လည်းကောင်း တွေ့ရှိမှတ်တမ်းတင်နိုင်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပန်းတနော်မြို့နယ် ဘုရားကျောင်း ကျေးရွာအုပ်စု ရန်ကုန် - ပန်းတနော် - ဝါးခယ်မလမ်း မိုင်တိုင်အမှတ် (၁၇/၄) မိုင်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံစားသောက်ကုန်ထုတ်လုပ်မှု စီမံကိန်း သို့ သွားရောက်ရာ တာဝန်ရှိသူများက နိုင်ငံတော်၏ ငါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ခေတ်မီနည်းပညာများ ထည့်သွင်း၍ Smart Culture မွေးမြူရေးတည်ဆောက်ရန် စိုက်ပျိုးရေးသီးနှံ ဘေးထွက်ပစ္စည်းများကို Value Added ငါးအစာအဖြစ် ပြောင်းလဲထုတ်လုပ်ရန်နှင့် ရေထွက်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများကို ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်မှုနှင့်အတူ နိုင်ငံခြားဝင်ငွေပိုမိုရရှိရန် စသည့်ရည်မှန်းချက်များဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၂၀၀၉ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စီမံကိန်းဧရိယာအတွင်း မျိုးငါးများ ထိန်းသိမ်းခြင်း၊ စနစ်တကျ ငါးသားပေါက်ခြင်းနှင့် ငါးသားပေါက်ပြုစုခြင်း၊ စနစ်တကျ ငါးမွေးမြူခြင်း၊ အစာထုတ်လုပ်ခြင်းနှင့် ငါးစာကျွေးမွေးခြင်း၊ စနစ် တကျ ငါးပြုပြင်ထုတ်လုပ်ခြင်း၊ ငါးအသား အလျင်အမြန်အေးခဲခြင်း၊ ငါးအခြေခံထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများမှ တန်ဖိုးမြှင့် အစား အစာ Value Added အဖြစ် ထုတ်လုပ်ခြင်း၊ အလိုအလျောက် ထိန်းချုပ်အသုံးပြုနိုင်သော အအေးခန်းသိုလှောင်မှု စနစ်ကျင့်သုံးခြင်း၊ စပါးခွံ အသုံးပြု၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုစနစ် တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာနှင့် ရုံးခန်းများ တည်ဆောက်ခြင်း၊ လမ်းတံတားများနှင့် ခြံစည်းရိုးများ တည်ဆောက်ခြင်း၊ မြေဖို့လုပ်ငန်းနှင့် ရေနုတ်မြောင်း၊ ရေသွင်းမြောင်း၊ ရေလှောင်ကန်များ တည်ဆောက်ခြင်း၊ ငါးကန်များ တည်ဆောက်ခြင်း၊ စိမ်းလန်းစိုပြည်လှပရေးအတွက် သစ်ပင်/ပန်းပင်များ စိုက်ပျိုးခြင်း၊ အစားအသောက်ဘေးအန္တရာယ်ကင်းစင်ရေး အစီအမံထားရှိဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
အဆိုပါ စီမံကိန်းကို Global Earth Co.,ltd က နိုင်ငံခြားငွေ US $88.482 သန်း အပါအဝင် ငွေကျပ် ၂၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၃၆၅၀ တွင် စီမံကိန်းကာလအတွင်း အမြဲတမ်းဝန်ထမ်း ၆၀၀၊ ယာယီဝန်ထမ်း ၂၅၀၀ ဖြင့် စတင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်ပါက အလုပ်သမားအင်အား ၅၀၀၀ ခန့်အထိ အလုပ်အကိုင် ရှာဖွေပေးနိုင်မည်ဖြစ်၍ ဆက်စပ်လုပ်ငန်းများတွင်လည်း လူဦးရေ ၃၀၀၀ ခန့် အလုပ်အကိုင် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ယခုအခါ တစ်ဧက ငါးအထွက်နှုန်း ပိဿာ ၆၀၀၀၀ (တန်ချိန် ၁၀၀) နှုန်းဖြင့် မွေးမြူနိုင်ခြင်း၊ ငါးရှင်သန်မှု ၉၅ ရာခိုင်နှုန်းအထိ ကောင်းမွန်ခြင်း၊ ငါးအရည်အသွေး ထူးခြားခြင်း၊ တစ်နှစ်ပတ်လုံး ငါးသားဖောက်နိုင်ခြင်း၊ ငါးအသားဖြူခြင်း၊ အနံ့မရှိခြင်း၊ ဆီပါဝင်မှုနည်းခြင်း၊ Food Conversion Ratio (FCR) ထိန်းနိုင်ခြင်း စသည့်နိုင်ငံတကာ ဈေးကွက်ဝင်သော ငါးများထုတ်လုပ်နိုင်ခြင်း ငါးတစ်ကောင်လုံးကို တန်ဖိုးမြင့် စားသောက်ကုန် Value Added & Hygenic Food များ ထုတ်လုပ်ပေးနိုင်ခြင်းများ တိုးတက်ရရှိနေကြောင်း၊ စီမံကိန်း (Project) တစ်ခုလုံး ပြီးစီးပါက ရေထွက်ပစ္စည်းနှင့် အစားအသောက်တင်ပို့မှု Export Income ပိုမိုရရှိကာ နှစ်စဉ် နိုင်ငံခြားဝင်ငွေ မြင့်တက်လာနိုင်သဖြင့် မြန်မာ့ရေလုပ်ငန်း စီးပွားရေးကဏ္ဍ တိုးတက်လာမှုနှင့်အတူ ဒေသတွင်း လုပ်ငန်းများနှင့် တစ်ဦးချင်းဝင်ငွေများလည်း တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပုသိမ်တက္ကသိုလ်သို့ သွားရောက်ကြရာ တက္ကသိုလ်အဝင် မုခ်ဦးနေရာမှ အင်ကြင်းဆောင်ရှေ့အထိ လျှောက်လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကြည့်ရှုကြသည်။
အဆိုပါ ကွန်ကရစ်လျှောက်လမ်းမှာ အရှည်ပေ ၁၇၀၀ ရှိပြီး အရှည်ပေ ၇၀၀ တွင် Color Brick ခင်းခြင်း၊ ရေထုတ်ပြွန် ငါးစင်းထည့်သွင်းတည်ဆောက်ခြင်း၊ လက်ရန်းတပ်ဆင်ခြင်း၊ လက်ဝဲယာ ပန်းအလှနှင့် မြက်ခင်းစိုက်ပျိုးခြင်းတို့ဖြင့် ငွေကျပ် ၁၆၁ ဒသမ ၄ သန်း ခန့် အသုံးပြုဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့နောက် ပုသိမ်မြို့တွင်း သန့်ရှင်းသာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ကြသည်။
ဆက်လက်၍ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသို့ သွားရောက်ကြပြီး စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းများနှင့် ဝန်ဆောင်မှုပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ခြင်းတို့ကို ကြည့်ရှုစစ်ဆေးကာ မြို့နယ်/ ခရိုင် (ပြန်/ဆက်) ဝန်ထမ်းများ၊ ပုသိမ်ထပ်ဆင့်လွှင့်စက်ရုံမှ ဝန်ထမ်းများနှင့် တိုင်ရင်းသားရုပ်သံ သတင်းအဖွဲ့မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် အစိုးရနှင့် ပြည်သူတို့အကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးနိုင်ရန်နှင့် ဧရာဝတီတိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ထုတ်ပြသနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
သတင်းစဉ်