နေပြည်တော်၊ အောက်တိုဘာ ၂၀
    
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၏ ဆန်းသစ်တီထွင်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသော ခရီးသွားလုပ်ငန်းနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော စီးပွားရေး ခေါင်းစဉ် ဖြင့် ကျင်းပသည့် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည်။ 

ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ စက်မှုဝန်ကြီး ဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ ဖိတ်ကြားထားသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တက္ကသိုလ်/ ကောလိပ်များမှ ဆရာ၊ ဆရာမ များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ တာဝန်ခံများ တက်ရောက်ကြသည်။
    
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက တီထွင်ဖန်တီးမှုများနှင့် စွန့်ဦးတီထွင်လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းများသာမက အားနည်းလျက်ရှိသော ကဏ္ဍများကိုလည်း သတိပြု၍ ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ရာ ဝန်ကြီးဌာနအနေဖြင့်လည်း မသန် စွမ်းခရီးသွားများ ခရီးစဉ်ဒေသများသို့ သွားလာရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် အတား အဆီးမဲ့ခရီးသွားလုပ်ငန်းကဲ့သို့သော ခရီးသွားလုပ်ငန်းအမျိုးအစားများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အကောင်အထည်ဖော်ဆောင် လျက်ရှိပါကြောင်း၊ ဆန်းသစ်တီထွင်ဖန်တီးမှုများ အကောင် အထည် ဖော်ရာတွင် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး များကဲ့သို့ လိုက်နာသင့်သည့် အချက်များနှင့် နည်းပညာ တည်ဆောက်ခြင်း၊ စွမ်းရည်ရှိသူများ မွေးထုတ်ခြင်းနှင့် ငွေကြေးစသော ထည့်သွင်း စဉ်းစားသင့်သည့် အချက်များအပြင် ထောက်ခံ အားပေးသော ပတ်ဝန်းကျင်အနေအထားများ ဖန်တီးပေးခြင်းတို့ကိုပါ စဉ်းစားဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါ ကြောင်းနှင့် ဆွေးနွေးပြောကြားမည့် ပုဂ္ဂိုလ်များအနေဖြင့် ပြည့်ပြည့်စုံစုံ တင်ပြဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားသည်။
    
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ခရီးသွားလုပ်ငန်းနှင့် တီထွင် ဖန်တီးမှုနှင့်ဆိုင်သော လုပ်ငန်းများ၏ သဘောသဘာဝများ၊ စွန့်ဦးတီထွင်မှုလုပ်ငန်းရှင်များ နှင့် ဆန်းသစ်တီထွင်မှုများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ဒေသတွင်း စီးပွားရေးလုပ်ငန်းများအပေါ် အထောက်အကူပြုမှုများကို ဆွေးနွေးတင်ပြ ကြသည်။ ဆွေးနွေးတင်ပြ ချက်များအပေါ် တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခဲ့ကြ ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
    
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ဆိုင်ရာ နီပေါသံ အမတ်ကြီး H.E Mr. Harishchandra Ghimire အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
    
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းပြေး ဆွဲခြင်းဖြင့် နှစ်နိုင်ငံခရီးသွားဧည့်သည်များ အပြန်အလှန် တိုးမြှင့်လည်ပတ်လာမည့် အခြေအနေနှင့် ခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ခရီးသွားလုပ်ငန်း ဆိုင်ရာ အစိုးရဌာန အချင်းချင်း တွေ့ဆုံဆွေးနွေးရေး အစီအမံများ ထူထောင်ရေးအပြင် ပုဂ္ဂလိက ကဏ္ဍအချင်းချင်း ထိတွေ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ နှစ်နိုင်ငံအကြား တူညီသော ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုများကို အခြေခံ၍ လုမ္ဗိနီ- ရန်ကုန် (သို့မဟုတ်) လုမ္ဗိနီ - မန္တလေး ညီအစ် မခရီးသွားမြို့တော် ထူထောင်ရေးကိစ္စနှင့် ယခင်သဘောတူညီခဲ့သည့် မြန်မာ- နီပေါ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင် ရွက်ရေး နားလည်မှုစာချွန်လွှာအရနှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)