သံတွဲ အောက်တိုဘာ ၂၅

 

ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက သံတွဲခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး (တာဝန်) ဦးစီးအရာရှိ ဦးနေလင်းကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။

 

သင်တန်းသို့ သံတွဲခရိုင်အတွင်းရှိ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ စိတ်ပါဝင်စားသည့် လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား (၂၅) ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော်ထံမှ သိရသည်။

 

ခရိုင် ပြန်/ဆက်

 

mdn