ရန်ကုန် ၊ အောက်တိုဘာ ၃၀
မြန်မာ့ဆန်များ ပြည်ပသို့ တင်ပို့ခြင်းမှ နိုင်ငံခြားဝင်ငွေရရှိစေပြီး တောင်သူနှင့် ရင်းနှီးမြုပ်နှံသူများ စီးပွားရေး အခွင့်အလမ်း တိုးတက်စေရန် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ G to G သဘောတူစာချုပ်အရ ဆန်တန်ချိန် နှစ်သိန်းတင်ပို့သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် စက်မှုမြို့တော် ဆိပ်ကမ်းမှ ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန် ၂၆၅၀ ကို အောက်တိုဘာ ၂၈ ရက်က စ၍ MV MCL-7 ပင်လယ်ကူးသင်္ဘောဖြင့် တိုက်ရိုက်တင်ပို့ရန် ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့်ဘ င်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန် G to G သဘောတူစာချုပ် ချုပ်ဆိုထားပြီး ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းမှ ဆန်တန်ချိန် သုံးသောင်းမှ ငါးသောင်းတင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက်မှစ၍ ဧည့်မထဆန် (၅မတ်) 50kg ဆန်အိတ် တန်ချိန် ၂၆၅၀ ကို စတင်၍ သင်္ဘောတင်နေခြင်းဖြစ်သည်။
“ပြည်ပကိုဆန်တင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေရရှိစေတဲ့အပြင် နိုင်ငံတော်နဲ့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ ဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကနေ ပြည်ပကို ဆန်တိုက်ရိုက်တင်ပို့နိုင်တာဟာ တိုင်းဒေသကြီးရဲ့ အောင်မြင်မှု ပထမလှေကားထစ်တစ်ခုပါ။ ဒုတိယလှေကားထစ်တစ်ခုက နိုင်ငံတော်ကမျှော်မှန်းထားတဲ့ ပုသိမ်စက်မှုမြို့တော်ကနေ ကုန်သွယ်မှု လုပ်ငန်းတွေ မြန်ဆန်သွက်လက်ဖို့အတွက်ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်လာပါတယ်။ ဆန်တင်ပို့နိုင်မှုဟာ တိုင်းဒေသကြီးအတွက်လည်း GDP တန်ဖိုးလည်း တက်လာစေပါတယ်။ မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့ကနေ ဆန်စပါးအပြင်ပဲ၊ ပြောင်း၊ နှမ်းကို တင်ပို့နိုင်ဖို့လည်း မျှော်မှန်းထားပါတယ်။ လာမယ့်နှစ်တွေမှာလည်း ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုမှာ ဟန်ချက်ညီညီနဲ့ ဆန်စပါးအသင်းအဖွဲ့တွေ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း က ပြောသည်။
ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်း( Ayeyarwaddy International Industrial Port AIIP )မှ ဆန်တန်ချိန် ၂၆၅၀ ကို အောက်တိုဘာ ၃၁ ရက်နေ့အပြီး တင်ဆောင်ပြီးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ MV MCL-7 ကုန်တင်သင်္ဘော ထွက်ခွာမည်ဖြစ်ကာ သင်္ဘောများ တစ်စီးဝင် တစ်စီးထွက်စနစ်ဖြင့် ဆက်လက် ဝင်ရောက်နေမည်ဖြစ်သည်။
မြန်မာ့ဆန်ကို အိမ်နီးချင်းနိုင်ငံသို့တင်ပို့နိုင်ခြင်းဖြင့် ဆန်စပါးနှင့် ဆက်စပ်သော လုပ်ငန်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ထွန်းလာလျက်ရှိရာ ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးနှင့် ဈေးကွက်စဉ်ဆက်မပြတ် တည်ရှိရေးအတွက် နိုင်ငံတော်၊ စိုက်ပျိုးတောင်သူ၊ လုပ်ငန်းရှင်နှင့် ဌာနဆိုင်ရာများ ဟန်ချက်ညီညီဖြင့် ဆက်လက်လှမ်းချီသွားရမည်သာ ဖြစ်ပေသည်။
ဓာတ်ပုံ-ကနူး၊
ညိမ်းသူ(သတင်းစဉ်)