ပွင့်ဖြူ နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)တွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရေးအတွက် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စက်တင်ဘာလဆန်းပိုင်းက လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့်ပြီးစီး၍ မကြာမီ လုပ်ငန်းများအားလုံး ပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးမှသိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)ရွာတွင် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် (VDP) စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)စီ ထောက်ပံ့၍ ကျေးရွာများမှ ပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို ကျေးရွာပြည်သူများကိုယ်တိုင် ဦးဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရကာ ယခုအခါ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ မကြာမီအချိန်တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာများမှာ ပွင့်ဖြူမြို့နယ် ကနီကျေးရွာ၊ မင်းလှကျေးရွာ၊ ရွာထောင်ကျေးရွာ၊ ဇောင်းချမ်းကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ပန်းတုံလေးကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ နှောကျင်းကျေးရွာ၊ ဖလံတောကျေးရွာ၊ ညောင်ခြုံကျေးရွာ၊ ပန်းတုံးကြီးကျေးရွာနှင့် ညောင်လှကျေးရွာတို့ဖြစ်ကြောင်း၊ ကျေးရွာအလိုက် စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများ စုပေါင်း၍ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ ကျေးရွာတွင်းလမ်းများ ဆောင်ရွက်ပြီးစီးပါက စီမံကိန်းဝင်ကျေးရွာ (၁၂)ရွာရှိ အိမ်ခြေ ၂၁၀၈ အိမ်၊ လူဦးရေ ၇၀၀၀ ခန့် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ဒေသထွက်ကုန်သီးနှံများကိုလည်း လွယ်လင့်တကူ သယ်ယူပို့ဆောင် ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။  

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)